တရုတ် စီးပွားရေးသည် အခက်အခဲများကို ကျော်လွှားပြီး ပြန်လည် တိုးတက်ရန် အလားအလာပေါ်

(GMT+08:00)2022-07-16 17:26:51  

ယခုလ ၁၅ရက်နေ့က တရုတ် အစိုးရမှ ထုတ်ပြန်ခဲ့သော ၂၀၂၂ခုနှစ် ပထမ နှစ်ဝက်ပိုင်း အမျိုးသား စီးပွားရေး စာရင်းအရ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏ GDPမှာ ယွမ်ငွေ ၅၆၂၆၄့၂ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၂့၅ရာခိုင်နှုန်း တိုးလာကြောင်း သိရသည်။ ယခုနှစ် ဧပြီလနှင့် မေလ၌ အဓိက ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအား ကိန်းဂဏန်းများ ကျဆင်းခဲ့သည့် အခြေအနေမျိုးတွင် ၄င်းအောင်မြင်မှု ရရှိနိုင်ခဲ့ခြင်းမှာ မလွယ်ပေ။ ယင်းသည် တရုတ် စီးပွားရေး၏ အားကောင်းသည့် ရေရှည်ခိုင်မာမှု ရှိခြင်းကို ပြဆိုနေသည်။

အာရုံစိုက်သင့်သည့် အချက် တစ်ချက်မှာ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူများ၏ စားသုံးမှု ဈေးနှုန်းညွှန်းကိန်းCPIသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၁့၇ရာခိုင်နှုန်းသာ တိုးလာသည်။ ဥရောပနှင့် အမေရိကန် နိုင်ငံများ၏ ဈေးနှုန်း တိုးနှုန်းမှာတော့ ၈ရာခိုင်နှုန်း ရှိသည်။ တရုတ်ပြည်၏ ဈေးနှုန်းတိုးတက်နှုန်းသည် ဥရောပနှင့် အမေရိကန် နိုင်ငံများထက် သိသိသာသာ ပိုနိမ့်ပြီး နိုင်ငံတကာ ငွေကြေးဖောင်းပွမှု များစွာ မြင့်တက်လာခြင်းနှင့် ထင်ရှားစွာ ခြားနားသည်။ ယင်းသည် တရုတ် စီးပွားရေး တည်ငြိမ်စွာ လည်ပတ်မှုနှင့် ပြည်သူများ၏ စားဝတ်နေရေးကို ကောင်းမွန်စေခြင်း အတွက် အကျိုးရှိသည်။

ထို့အပြင်၊ ယခုနှစ်တွင် နိုင်ငံတကာ ကုန်ပစ္စည်းကြီးများ၏ ဈေးနှုန်း၊ အထူးသဖြင့် စားနပ်ရိက္ခာနှင့် စွမ်းအင် ဈေးနှုန်း ဆက်တိုက် မြင့်မားပြီး တရုတ်ပြည်သို့ ငွေကြေးဖောင်းပွမှု တင်ပို့ရန် အန္တရာယ် တိုးလာသည့် အခြေအနေမျိုးတွင် တရုတ်ပြည်သည် ပြည်တွင်း၌ ထောက်ပံ့မှုကို အာမခံပေးခြင်းနှင့် ကုန်ဈေးနှုန်းကို တည်ငြိမ်စေခြင်းစသော သေချာမှုဖြင့် ပြင်ပ ပတ်ဝန်းကျင်၏ မရေမရာဖြစ်မှုကို ရင်ဆိုင်ပြီး စားနပ်ရိက္ခာနှင့် စွမ်းအင် ထုတ်လုပ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ကာ ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို အားကောင်းစွာ အာမခံပေးခဲ့သည်။

အနာဂတ်တွင် ကိုဗစ် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အခြေအနေ ကောင်းမွန်လာပြီး သက်ဆိုင်ရာ ပေါ်လစီများ၏ အကျိုးသက်ရောက်မှု ဆက်တိုက် ပေါ်လွင်လာသည်နှင့်အမျှ တရုတ်ပြည်၏ စီးပွားရေး ပမာဏ ကြီးမားခြင်း၊ ဈေးကွက် အလားအလာ ကောင်းမွန်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရေရှည်ခိုင်မာမှု အားကောင်းခြင်းစသည့် အားသာချက်များသည် တစ်ဆင့်တိုး ပေါ်လွင်လာမှာ ဖြစ်သည်။

တရုတ် စီးပွားရေး ရေရှည် ခိုင်မာမှု ရှိခြင်းသည် တရုတ်ပြည်သူများ အနေနှင့် အန္တရာယ်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ယုံကြည်မှုကိုလည်း တိုးပွားစေသည်။