ဘိုင်ဒန်က အရှေ့အလယ်ပိုင်း ခရီးစဉ်ထဲမှာ တရုတ်ပြည်နဲ့ အားပြိုင်မှု အကြောင်းကို ဘာဖြစ်လို့ ဆက်စပ် ထည့်သွင်းထားသလဲ

(GMT+08:00)2022-07-12 17:59:33  

အမေရိကန် သမ္မတ ဘိုင်ဒန်က ယခု သီတင်းပတ်မှာ အစ္စရေးနိုင်ငံ၊ ပါလက်စတိုင်းရဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းဒေသနဲ့ ဆော်ဒီအာရေးဗျနိုင်ငံတို့ကို ခရီးလှည့်လည်မှာ ဖြစ်ပါတယ်။ အဲဒါဟာ ဘိုင်ဒန် သမ္မတ ရာထူး ထမ်းဆောင်ခဲ့တဲ့နောက်ပိုင်း ပထမဆုံး အကြိမ် အရှေ့အလယ်ပိုင်း ခရီးစဉ် ဖြစ်ပါတယ်။ ဒေသစံတော်ချိန် ဒီလ ၉ ရက်နေ့မှာ ဘိုင်ဒန်က ဝါရှင်တန် ပို့စ် သတင်းစာမှာ ဆောင်းပါး တစ်ပုဒ်ကို ရေးသား ထုတ်ပြန်ပြီး ဒီအကြိမ် ခရီးစဉ်ဟာ အမေရိကန်ရဲ့ လုံခြုံရေးအတွက် လွန်စွာ အရေးကြီးကြောင်း ဖေါ်ပြတဲ့အပြင် တရုတ်နိုင်ငံနဲ့ အားပြိုင်မှုမှာ အောင်နိုင်ရမှာ ဖြစ်ကြောင်းလည်း အလေးထားပြီး ဖေါ်ပြခဲ့တယ်။

CNN က ရုရှားနဲ့ ယူကရိန်း ပဋိပက္ခကြောင့် တစ်ကမ္ဘာလုံး ရေနံဈေးကွက်များ မတည်မငြိမ် ဖြစ်မှု မရှိပါက အမေရိကန် သမ္မတက အရှေ့အလယ်ပိုင်းဒေသသို့ သွားမှာ လုံးဝ မဟုတ်ဘူးလို့ သုံးသပ်ခဲ့တယ်။ ရေနံ ဈေးနှုန်း မြင့်တက်ခြင်း၊ နှစ် ၄၀ အတွင်း အပြင်းထန်အဆိုးရွားဆုံးသော ငွေကြေးဖောင်းပွမှုနဲ့ အမေရိကန်နိုင်ငံသားများရဲ့ စီးပွားရေး ဆုတ်ယုတ်မှုအပေါ် စိုးရိမ်ပူပန်မှုများဟာ အလယ်ကာလ ရွေးကောက်ပွဲနဲ့ ရင်ဆိုင် နေရတဲ့ ဘိုင်ဒန်အစိုးရကို ကြီးမားတဲ့ဖိအားကို ခံစားစေရပါတယ်။ Foreign Affairs မဂ္ဂဇင်းမှာ အဲဒီ အခြေအနေကို ပြောင်းလဲစေနိုင်တဲ့ သော့ချက်ကျရာဟာ ဆော်ဒီအာရေးဗျနိုင်ငံ ဖြစ်ပြီး အကြောင်းကတော့ ဆော်ဒီအာရေးဗျဟာ တစ်ခုတည်းသော ရေနံ ပိုပိုလျှံလျှံရှိပြီး ရေနံ ဈေးကွက်ကို တည်ငြိမ်စေနိုင်မယ့် ရေနံထုတ်လုပ်ရေးနိုင်ငံ ဖြစ်လို့ကြောင့် ဖြစ်တယ်လို့ ဖေါ်ပြခဲ့တယ်။

ဒါနဲ့ ဘိုင်ဒန်က ဘာဖြစ်လို့ အရှေ့အလယ်ပိုင်း ခရီးစဉ်ထဲမှာ တရုတ်ပြည်နဲ့ အားပြိုင်မှု အကြောင်းကိုပါ ဆက်စပ် ထည့်သွင်းထားရသလဲ။

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံရေးလောကမှာ “တရုတ်ပြည်ကို ဆန့်ကျင်ခြင်းသာ မှန်ကန်တာ ဖြစ်တယ်” ဆိုတဲ့ မူမမှန်တဲ့ ဖြစ်ရပ် တစ်မျိုး ဖြစ်ပေါ်လာပြီး ဘာကိစ္စမဆို တရုတ်ပြည်ကို ဆန့်ကျင်ခြင်း အမည် တပ်ထားရင် တရားနည်းလမ်းကျသလိုလို ဖြစ်သွား တတ်တယ်။ ဒါ့အပြင် အဲဒါဟာ ဘိုင်ဒန်ရဲ့ ဒီအကြိမ် ခရီးစဉ်မှာ အမှန်တကယ် ရည်ရွယ်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ ဘိုင်ဒန်ရဲ့ ဆောင်းပါးထဲမှာ ရုရှားနဲ့ အတိုက်အခံ ပြုဖို့နဲ့ တရုတ်ပြည်နဲ့ အားပြိုင်မှုမှာ အောင်နိုင်ဖို့အတွက် ကျွန်တော်တို့ဟာ သက်ရောက်မှု ရှိနိုင်မယ့် နိုင်ငံများနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု ပြုလုပ်ရမယ်လို့ ရေးသားထားတယ်။ ဆိုလိုတာက အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကို တရုတ်၊ ရုရှားတို့နဲ့ အားပြိုင်တဲ့ ဇာတ်ခုံ အဖြစ် ထားချင်ပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမဆို အမေရိကန်ပုံစံ ဗိုလ်ကျစိုးမိုးရေးအတွက် ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို စွန့်လွှတ်ပြီး အမေရိကန်ရဲ့ လက်ပါးစေ၊ ပွန်းရုပ်လေးအဖြစ် လုပ်နိုင်မလားလို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။