ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်နှင့် ဝမ်ယိ တွေ့ဆုံ

(GMT+08:00)2022-07-08 17:59:26  

ဒေသစံတော်ချိန် ဇူလိုင်လ ၇ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဘာလီကျွန်း၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရော့ဗ်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ဝမ်ယိက BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေးများတွင် ရုရှား တက်ကြွစွာ ပါဝင်ပြီး နိုင်ငံတကာ သဘောတူညီမှု တည်ဆောက်ကာ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်ခြင်းကို တရုတ်ပြည်က တန်ဖိုးထား ချီးကျူးကြောင်း၊ တရုတ်ပြည် အနေနှင့် ရုရှား အပါအဝင် ဘက်အသီးသီးတို့နှင့် ယင်းအစည်းအဝေး၏ အရေးကြီး အောင်ကျိုးရလဒ်များကို လက်တွေ့ ဖော်ဆောင်ပြီး ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးရေးဖြစ်စဉ်ကို အရှိန်မြှင့် တွန်းအားပေးကာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ဘုံအကျိုးစီးပွားများနှင့် နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ရန် လက်တွဲ ကြိုးပမ်းဆောင်ရွက်သွား လိုကြောင်း ဖော်ပြပါသည်။

လာဗ်ရော့ဗ်က BRICSနိုင်ငံများ ထိပ်သီးအစည်းအဝေးများကို တရုတ်ပြည်က အောင်မြင်စွာ ကျင်းပခြင်းကို ဂုဏ်ပြုကြောင်း၊ ရုရှား-တရုတ်ဆက်ဆံမှုသည် ပြင်ပမှ အနှောင့်အယှက်များကို ဖယ်ရှားပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ချောမွေ့စွာ တွန်းအားပေးကာ ဖွံ့ဖြိုးရေး အလားအလာ ကြီးမားကြောင်း၊ ရုရှားအနေနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားများ ဖြစ်ထွန်းစေရန် နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များနှင့် အတိုင်းအတာကို တိုးချဲ့စေလိုကြောင်း၊ ရုရှားသည် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးရေး အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်များကို ထောက်ခံအားပေးပြီး တရုတ်ပြည်နှင့် ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို အားဖြည့်ပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြပါသည်။