အကောက်ခွန်ပြဿနာနှင့် ပတ်သက်၍ အမေရိကန် အစိုးရသည် “ဆန္ဒမဲကို ဦးစားပေး၊ ပြည်သူကိုတော့ ဘေးကပ်နေစေခြင်း”ကို စွဲကိုင်

(GMT+08:00)2022-07-08 18:17:26  

မကြာခင်က အမေရိကန် မီဒီယာများက သတင်းများကို ထုတ်ပြန်ရာ အမေရိကန်ဘက်သည် ဆက်တိုက်မြင့်တက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းမှ ဆောင်ကြဉ်းလာသည့် ဖိအားဒဏ်ကို လျှော့ချရန် အတွက် ထရန့် အစိုးရလက်ထက်က တရုတ်ကုန်ပစ္စည်းများ အပေါ် တိုးကောက်သည့် အခွန် အချို့ကို ဖျက်သိမ်းရန် ဆွေးနွေးနေကြောင်း ဖော်ပြသည်။ သို့သော် သတင်းအရင်းအမြစ်အချို့မှ သတင်းအရ ဘိုင်ဒင် အစိုးရသည် အခွန် အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံကိုသာ ဖျက်သိမ်းနိုင်ဖွယ်ရာ ရှိပြီး တရုတ် ကုန်ပစ္စည်းများ အပေါ် တိုးကောက်သည့် စုစုပေါင်း အခွန် ပမာဏ ကန်ဒေါ်လာ ဘီလီယံ ၃၇၀၏ ၂့၇ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

လွန်ခဲ့သည့် ၄နှစ် အတွင်း မရေမတွက်နိုင်သော အဖြစ်မှန်နှင့် ကိန်းဂဏန်းများသည် တရုတ်ပြည် အပေါ် အမေရိကန်မှ လှုံ့ဆော်သော ကုန်သွယ်မှု စစ်ပွဲက ဘက်စုံရှုံးနိမ့်သွားပြီဖြစ်ခြင်းကို သက်သေပြနေသည်။ ၂၀၁၈ခုနှစ် နှစ်လယ်ပိုင်းမှ ယခုနှစ် ဧပြီလ အထိ ၄င်းကုန်သွယ်မှု စစ်ပွဲသည် အမေရိကန် စားသုံးသူများအား ကန်ဒေါ်လာ ၁၂၉ဘီလီယံကို ပိုကုန်စေသည်။ အမေရိကန် Tax Foundationမှ စီးပွားရေး ပညာရှင် Alex Duranteက မကြာခင်က ဆောင်းပါး တစ်ပုဒ်ကို ရေးသားခဲ့ရာ တရုတ်ကုန်ပစ္စည်းများ အပေါ် တိုးကောက်သည့် အခွန်များသည် မူလ စီစဉ်ထားသည့် အတိုင်း တရုတ် ကုမ္ပဏီများ အပေါ် ကျခံစေခြင်း မရှိဘဲ အမေရိကန် ကုမ္ပဏီနှင့် စားသုံးသူများ အပေါ် ကျခံစေခဲ့ကြောင်း ဖော်ပြသည်။

အခွန် လျှော့ချရေးနှင့် ပတ်သက်၍ အမေရိကန်အစိုးရ တုံ့ဆိုင်းနေသည့် အဓိက အကြောင်းရင်းမှာ မဲဆန္ဒကြောင့်ပင် ဖြစ်သည်။ ရွေးကောက်ပွဲကို အနိုင် ရရှိရန် အတွက် အမေရိကန် နိုင်ငံရေး သမားများသည် သာမန်ပြည်သူများအား မြင့်မားသည့် လောင်စာဆီ ဈေးနှုန်း၊ မြင့်မားသည့် အိမ်ရာ ဈေးနှုန်းနှင့် မြင့်မားသည့် စားသောက်ကုန် ဈေးနှုန်းများတွင် ရုန်းကန်စေရန် လက်လွတ်စပယ်ပြုသည်။ ထို့အပြင်၊ ၄င်းတို့သည် အမေရိကန်ပြည်သူများအား တရုတ်ပြည် အပေါ် တင်းမာသော ဆောင်ရွက်မှု ပြုလုပ်ခြင်းက အမေရိကန်၏ အကျိုးစီးပွားနှင့် ပိုမိုကိုက်ညီသည်ဟု ယုံကြည်စေရန် ကြံစည်နေသည်။ အမှန်တကယ်တော့ “အမေရိကန်ကို ဦးစားပေးရေး”ဆိုသည်မှာ “ဆန္ဒမဲကို ဦးစားပေး၊ ပြည်သူကိုတော့  ဘေးကပ်နေစေခြင်း”ပင် ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကြီးဆုံး စီးပွားရေး အုပ်စု ၂ခု ဖြစ်သည့် တရုတ်နှင့် အမေရိကန် အကြား ပူးပေါင်းဆောင်ရွက်မှု ပြုလျှင် နှစ်နိုင်ငံစလုံး အတွက် အကျိုးရှိသည်၊ အတိုက်အခိုက် ပြုလျှင်တော့ နှစ်ဖက်စလုံး ထိခိုက်မှု ခံရမည် ဖြစ်သည်။ အခွန်ပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်သည် ရှင်းလင်းပြတ်သားသော သဘောထား ရှိသည်။ ယင်းသဘောထားမှာ တရုတ် ကုန်ပစ္စည်းများ အပေါ် တိုးကောက်သည့် အခွန်အားလုံးကို ဖျက်သိမ်းခြင်းသည် တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ အတွက် အကျိုးရှိသည့် အပြင် တစ်ကမ္ဘာလုံး အတွက်လည်း အကျိုးရှိခြင်း ဖြစ်သည်။