ယခုလ ၆ရက်နေ့ ညနေပိုင်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက် တစ်ဦးက ASML Holding N.V ကုမ္ပဏီ၏ chipထုတ်လုပ်မှု ဆိုင်ရာ သော့ချက်ကျသော အဓိက နည်းပညာကို တရုတ်ပြည်အား ရောင်းချမှု ပိတ်ပင်ရန် အမေရိကန်သည် နယ်သာလန် နိုင်ငံအား တွန်းအားပေးနေသော်လည်း နယ်သာလန် အစိုးရသည် သဘောမတူသေးပေ။ တရုတ်ပြည် အနေနှင့် ယင်းအပေါ် မည်သို့ မှတ်ချက်ပြုမည်နည်းဟု မေးမြန်းသည်။
ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ယင်းသည် အမေရိကန်ဘက်မှ နိုင်ငံတော် အင်အားကို အလွဲသုံးစားပြီး နည်းပညာဆိုင်ရာ ဗိုလ်ကျလွှမ်းမိုးရေး အာဏာကို အသုံးပြုကာ “ခြိမ်းခြောက် အကျပ်ကိုင်သည့် သံတမန်ရေး”ကို ကျင့်သုံးသည့် သက်သေ အထောက်အထား နောက်တစ်ခု ဖြစ်ကြောင်း၊ ယင်းသည် နည်းပညာ ဆိုင်ရာ အကြမ်းဖက် ဝါဒပုံစံပင် ဖြစ်ကြောင်း၊ လက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေသည့် အခြေအနေမျိုးတွင် အမေရိကန်မှ သိပ္ပံနည်းပညာနှင့် စီးပွားကုန်သွယ်ရေး ပြဿနာများကို နိုင်ငံရေး ကိစ္စ အဖြစ် လုပ်ပြီး လက်ကိုင်တုတ် အဖြစ် အသုံးပြုကာ အခြားနိုင်ငံများ အပေါ် နည်းပညာ ပိတ်ဆို့မှုနှင့် နည်းပညာ ချိတ်ဆက်မှု ဖြတ်တောက်ခြင်းကို ပြုလုပ်ခြင်းသည် နိုင်ငံအသီးသီးကို ပိုမို သတိတရား ရ၍ နိုးကြားလာစေမည်သာ ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘက်များသည် ဓမ္မဓိဋ္ဌာန်ကျပြီး ကျိုးကြောင်း မှန်ကန်သည့် သဘောထား ရပ်တည်ချက်ကို စွဲကိုင်ပြီး ကိုယ့်ရေရှည် အကျိုးစီးပွားနှင့် တရားမျှတမှု ရှိသော ဈေးကွက် အခြေခံမူကို ရှေ့ရှုကာ အနှောင့်အယှက်ကို ဖယ်ရှား၍ သက်ဆိုင်ရာ ဆုံးဖြတ်ချက်ကို ကိုယ်ပိုင် သီးခြားလွတ်လပ်စွာ ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားသည်။