ထိုင်းဝန်ကြီးချုပ် ပရာယွတ်သည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2022-07-06 15:30:42  

ဒေသစံတော်ချိန် ဇူလိုင်လ ၅ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်သည် ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင် ခရီးလှည့်လည်နေသော တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် ဗန်ကောက်မြို့၌ တွေ့ဆုံခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
ဝမ်ယိက ယခုနှစ်သည် တရုတ်-ထိုင်း ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့သည့် (၁၀)နှစ်ပြည့်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် ချစ်ကြည်ရေးကို တိုးပွားစေပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ အနာဂတ်စီမံကိန်း ချမှတ်၍ တရုတ်-ထိုင်း အေးအတူပူအမျှဖြစ်သည့် ကံကြမ္မာအသိုက်အဝန်းကို အတူ ထူထောင်ခြင်းကို ရည်မှန်းချက်နှင့် မျှော်မှန်းချက်အဖြစ်ထားကြောင်း၊ “တရုတ်-ထိုင်း မိသားစုတစ်စုတည်းလို ချစ်ခင်ကြခြင်း”ကို ယနေ့ခေတ်၏ အနှစ်သာရသစ်ကို ထည့်သွင်းကာ နှစ်နိုင်ငံအတွက် ပိုမိုတည်ငြိမ်သော၊ ပိုမိုစည်ပင်သာယာသော၊ ပိုမိုဆက်တိုက်ဖြစ်သော အနာဂတ်ကောင်းကို ဖန်တီးရန် သဘောတူညီကြကြောင်း ပြောကြားခဲ့ပါသည်။
ပရာယွတ်က ထိုင်း-တရုတ် ချစ်ကြည်ရေးသမိုင်း ကြာရှည်ပြီး ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်မြင်မှုများ ရရှိကြောင်း၊ နှစ်နိုင်ငံတို့အကြား အေးအတူပူအမျှ ဖြစ်သည့် ကံကြမ္မာအသိုက်အဝန်းကို အတူထူထောင်ရန် သဘောတူညီမှုရရှိခြင်းသည် အရေးကြီး အဓိပ္ပါယ်ရှိကြောင်း၊ ထိုင်းဘက်သည် တရုတ်ဘက်နှင့် လက်တွဲတွန်းအား ပေးလိုကြောင်း ပြောကြားခဲ့ပါသည်။
နှစ်ဖက်တို့သည် ယခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့်ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ ကြပါသည်။