အာဖရိက အနွယ်ဖွားကို ပစ်ခတ်သော ကျည်ဆန်များသည် အမေရိကန် လွတ်လပ်ရေးနေ့ကို အရှက်တရား ဖြစ်စေ

(GMT+08:00)2022-07-05 12:44:44  

ဒေသ စံတော်ချိန် ယခုလ ၃ရက်နေ့က အမေရိကန် Ohioပြည်နယ် Akronမြို့ ရဲဘက်သည် မကြာခင်က အာဖရိက အနွယ်ဖွားအမျိုးသား Jayland Walker က ရဲများ၏ ပစ်သတ်မှု ခံခဲ့ရသည့် ဗီဒီယိုကို ထုတ်ပြန်ခဲ့သည်။ ရဲသား ၈ဦးသည် မော်တော်ယာဉ်ကို စစ်ဆေးရာတွင် ထွက်ပြေးသည့် Jayland Walkerကို ဆက်တိုက် ပစ်ခတ်ခဲ့ကြကြောင်း၊ ရဲများသည် အကြိမ်ပေါင်း ၉၀ကို ပစ်ခတ်ပြီး Jayland Walker၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ ၆၀ခန့် ရှိကြောင်း ဒေသခံ ရဲဘက်မှ ထုတ်ဖေါ်ပြောကြားသည်။

ဇူလိုင်လ ၄ရက်နေ့ အမေရိကန် လွတ်လပ်ရေးနေ့ ကျရောက်သည့် အခါသမယတွင် Jayland Walker၏ နီရဲရဲသွေးသည် “လွတ်လပ်ရေး ကြေညာချက်” (The Declaration of Independence)တွင် ရေးသားဖော်ပြထားသည့် “လူတိုင်းက တန်းတူညီမျှသည်”(All Men Are Created Equal)ဟူသော ခံယူချက်ကို အရှက်ရစေသည်။ ရဲဘက်၏ အကြမ်းဖက်မှုဖြင့် ဥပဒေ ကျင့်သုံးမှုကို ကန့်ကွက်သည့် အနေဖြင့် လက်ရှိအချိန်တွင် Akronမြို့၌လူအများသည် ဆန္ဒပြပွဲများ ကျင်းပ၍ ဒေသခံ အစိုးရသည် လွတ်လပ်ရေးနေ့ ဂုဏ်ပြုခြင်း လှုပ်ရှားမှုကို ဖျက်သိမ်းခဲ့ပြီ ဖြစ်သည်။

Mapping Police Violence ဝက်ဘ်ဆိုက်မှ စာရင်းအရ ၂၀၂၀ပြည့်နှစ်တွင် အမေရိကန် ရဲဘက်မှ ဥပဒေ ကျင့်သုံးမှုကြောင့် လူ၂၅၆၃ဦး သေဆုံးပြီး ယင်းသေဆုံးသူများ အနက် အာဖရိက အနွယ်ဖွား ဦးရေမှာ ၅၆၅ဦး ရှိကာ ၂၂ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ယခုနှစ်တွင် အာဖရိက အနွယ်ဖွား ၄၉ဦးသည် ရဲဘက်မှ ပစ်သတ်မှုကို ခံခဲ့ရကြောင်း၊ အမေရိကန်တွင် ရဲဘက်မှ ဥပဒေ ကျင့်သုံးမှုကြောင့် အာဖရိက အနွယ်ဖွား၏ သေဆုံးမှုနှုန်းသည် လူဖြူ၏ ၂့၉ဆ ဖြစ်ကြောင်း သိရသည်။

ရဲဘက်မှ အကြမ်းဖက်မှုဖြင့် ဥပဒေ ကျင့်သုံးမှုသာ မကဘဲ အမေရိကန် ပုံစံ စည်းစနစ်ကျသည့် လူမျိုးရေး ခွဲခြားမှုများသည် အမေရိကန် လူ့ဘောင်အဖွဲ့အစည်းများ၏ နယ်ပယ်များစွာတွင် တည်ရှိနေသည်။ နောက်ကွယ်တွင် အကြောင်းရင်းများမှာ ဆိုးသွမ်းသည့် ကျွန်စနစ်(slavery) သမိုင်းနှင့် လူဖြူလူမျိုးသာလွန်မှု(white supremacy)ရှိခြင်းကြောင့် ဖြစ်သည့်အပြင်၊ အမေရိကန် နိုင်ငံရေး သမားများက ပါတီများအကြား တိုက်ခိုက်မှုကို မအားမလပ် လုပ်နေ၍ စီမံအုပ်ချုပ်ရေးတွင် ရှုံးနိမ့်ခြင်းကြောင့်လည်း ဖြစ်သည်။

အမေရိကန် နိုင်ငံရေးသမားများ အော်ဟစ်ကြသော “တန်းတူညီမျှရေး”နှင့် “သက်ညှာ ထောက်ထားမှု”စသည့် ကြွေးကြော်သံများသည် “လူ့အခွင့်အရေးကို ကာကွယ်ပေးသူ”၏ ယုတ်ညံ့ ဆိုးရွားလှသည့် ပြုမူဆောင်ရွက်ချက်များကို စောစောကပင် မဖုံးကွယ်နိုင်ပေ။ ဇူလိုင်လ ၄ရက်နေ့တွင် အကြမ်းဖက်မှု များစွာ ဖြစ်ပွားပြီး လူမျိုးများ အကြား တကွဲတပြား ဖြစ်နေသည့် လက်ရှိ အမေရိကန်နှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေးသမားများ အနေနှင့် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ကျော်တုန်းက အမေရိကန် တည်ထောင်သူများ၏ မျှော်လင့်ချက်ကို မည်သို့ တုံ့ပြန်နိုင်မည်နည်း။