၇ကြိမ်မြောက် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာတွင် ကျင်းပ

(GMT+08:00)2022-07-05 16:34:21  

ဒေသစံတော်ချိန် ဇူလိုင်လ ၄ရက်နေ့က ၇ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံ ပုဂံမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့သည် အစည်းအဝေးကို ပူးတွဲကြီးမှူးကျင်းပပြီး လာအိုဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆလမ်မုဆေကိုမာဆစ်၊ ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရပ်ဆုတ်ခွန်း၊ ထိုင်းဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွန်စီနိုင်း နှင့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဗူရီသိုင်စွန်းတို့သည် အစည်းအဝေးသို့ တက်ရောက် ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဝမ်ယိ က တရုတ်နိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေး၊ ရေအရင်းအမြစ်၊ ဒီဂျစ်တယ်စီးပွားရေး၊ အာကာသ၊ လူ့စွမ်းအားအရင်းအမြစ်နှင့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း ၆ရပ်ကို ကျင့်သုံးမည်ဖြစ်ပြီး မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အကျိုးစီးပွားကို မျှဝေခံစားကာ ဖွံ့ဖြိုးတိုးတက်ရေးအင်အားကို ထည့်သွင်းပေးမည် ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။

အစည်းအဝေးတွင် ပူးတွဲသတင်းကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပြီး အကောက်ခွန်၊ လယ်ယာစိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကဏ္ဍများအတွက် သီးခြားထုတ်ပြန်ချက် ၄ ခုကို ထုတ်ပြန်ခဲ့ကာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ငါးနှစ်စီမံကိန်း (၂၀၁၈ခုနှစ်မှ ၂၀၂၂ခုနှစ်အထိ) ၂၀၂၁ခုနှစ် နှစ်ပတ်လည်တိုးတက်မှု ရရှိခြင်းဆိုင်ရာ အစီရင်ခံစာနှင့် ၂၀၂၂ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ထောက်ပံ့သော လုပ်ငန်းအမည်စာရင်းကို ထုတ်ပြန်ခဲ့ရာ အသေးစိတ် အချက်အလက်များဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများကို ပြသခဲ့ပါသည်။