ချူအင်လိုင်း တန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနား တရုတ်- မြန်မာ ပူးတွဲကျင်းပ

(GMT+08:00)2022-07-04 16:26:07  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနတို့သည် မြန်မာနိုင်ငံ ပုဂံမြို့တွင် ချူအင်လိုင်း တန်ဆောင်း ပြန်လည်ပြုပြင်မွမ်းမံ တရားဝင်ဖွင့်လှစ်ခြင်း အခမ်းအနားကို ပူးတွဲကျင်းပခဲ့ကြပါသည်။ ၇ကြိမ်မြောက် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ကြီးမှူးကျင်းပရန် မြန်မာနိုင်ငံတွင် အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့သည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။

နှစ်နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ချူအင်လိုင်းတန်ဆောင်း ပြန်လည် ဖွင့်လှစ်ခြင်းအတွက် ဖဲကြိုးဖြတ်ကြပြီး တန်ဆောင်းတွင် ခင်းကျင်းပြသထားသော တရုတ်ဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့်အခါ ရိုက်ကူးခဲ့သည့်ဓာတ်ပုံများကို ကြည့်ရှုကာ နှစ်နိုင်ငံ ချစ်ခင်ရင်းနှီးစွာ ကူးလူးဆက်ဆံရာတွင် သမိုင်းဝင်ပုံပြင်များကို ပြန်အမှတ်ရခဲ့ကြပါသည်။ အခမ်းအနားတွင် တရုတ်-မြန်မာ လူငယ်အဆိုတော်များမှ သီဆိုသော“တို့ခေါ်မယ် ပေါက်ဖော်”ရုပ်သံဗီဒီယိုကို ပြသ ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်းဟိုင်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်တို့သည် မိန့်ခွန်းအသီးသီး ပြောကြားခဲ့ပါသည်။ နှစ်ဦးနှစ်ဖက်တို့သည် ချူအင်လိုင်းတန်ဆောင်း၏ အရေးကြီးသော အဓိပ္ပါယ်ကို တန်ဖိုးထား ချီးကျူးပြီး နှစ်နိုင်ငံခေါင်းဆောင်ဟောင်းများ ဖန်တီးပြုစုသော တရုတ်-မြန်မာချစ်ကြည်ရေးကို လက်ဆင့်ကမ်းရန်၊ အေးအတူပူအမျှဖြစ်သော တရုတ်-မြန်မာ ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန်၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစွမ်းဆောင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း အလေးထားပြောကြားခဲ့ကြပါသည်။