မြန်မာ့ပြဿနာအား ကိုင်တွယ်ဖြေရှင်းရန် တရုတ်မျှော်လင့်ချက် ၃ခုကို ဝမ်ယိ ရှင်းလင်းဖော်ပြ

(GMT+08:00)2022-07-04 16:27:25  

ဒေသစံတော်ချိန် ဇူလိုင်လ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn တို့သည် မြန်မာနိုင်ငံ ပုဂံမြို့တွင် တွေ့ဆုံပြီး မြန်မာ့အခြေအနေနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

ထိုသို့်တွေ့ဆုံရာတွင် PrakSokhonn က အာဆီယံ၏ မြန်မာ့ပြဿနာ ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံတွင် လာရောက်လည်ပတ်သည့် အခြေအနေကို ရှင်းလင်းဖော်ပြခဲ့ပါသည်။ ဝမ်ယိက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် မြန်မာ့ပြဿနာကို တက်ကြွစွာ ကြားဝင်ဖျန်ဖြေခြင်းကို တန်ဖိုးထား ချီးကျူးပြီး ယင်းပြဿနာနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ မျှော်လင့်ချက် ၃ခုကို ရှင်းလင်းဖော်ပြခဲ့ပါသည်။

ပထမအချက်မှာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့မှ မြန်မာနိုင်ငံအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဥပဒေမူဘောင်အတွင်း နိုင်ငံရေးကျေအေးမှုကို ဆက်လက် တွန်းအားပေးခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ ပါတီအသီးသီးတို့အား နိုင်ငံတော်တစ်ခုလုံး အခြေအနေနှင့် ပြည်သူ့အကျိုးစီးပွားကို အလေးထားရန် အားပေးပါသည်။ ဆင်ခြင်သုံးသပ်ပြီး လက်တွေ့ဆောင်ရွက်ကာ အပြန်အလှန် နားလည်မှုထားခြင်းနှင့် အချင်းချင်း လိုက်လျောခြင်းဖြင့် ဘက်အသီးသီးတို့၏ ကျိုးကြောင်းဆီလျော်သည့် တောင်းဆိုချက်ကို ဖြည့်စွက်ပေးပြီး တည်ငြိမ်မှုကို အလျင်အမြန် ပြန်လည်ရရှိကာ ငြိမ်းချမ်းရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ရန် ဖြစ်ပါသည်။

ဒုတိယအချက်မှာ တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့တို့မှ မြန်မာနိုင်ငံအား ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို ပြန်လည်ဖွင့်လှစ်ရန် တွန်းအားပေးခြင်းဖြစ်ပါသည်။ ပြည်သူများ အာဏာကို ပြန်လည်ရရှိရန် အမြော်အမြင် အကောင်အထည်ဖော်ပြီး မြန်မာနိုင်ငံ၏ ထူးခြားချက်ဝိသေသနှင့် ကိုက်ညီသော မြန်မာထူးခြားချက်လက္ခဏာပါရှိသည့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို ရှာကြံဆောင်ရွက်ရန် ဖြစ်ပါသည်။

တတိယအချက်မှာ အာဆီယံအဖွဲ့မှ“အာဆီယံနည်းလမ်း”ကို စွဲကိုင်ထားခြင်းဖြစ် ပါသည်။ အခြားနိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက် မစွက်ဖက်ခြင်း၊ တညီတညွှတ်တည်း ညှိနှိုင်းဆောင်ရွက်ခြင်း ဟူသော အခြေခံမူနှင့် ဓလေ့ထုံးတမ်းများကို လိုက်နာပြီး အနှောင့်အယှက်များကို ဘေးဖယ်ထားကာ စိတ်ရှည်လက်ရှည် ကြားဝင်ဖျန်ဖြေ၍ အာဆီယံအဖွဲ့မှ သဘောတူညီချက် ၅ ရပ်ကို အပြုသဘောဆောင်စွာ အကောင် အထည်ဖော်ပြီး အာဆီယံအဖွဲ့တစ်ခုလုံး၏ စည်းလုံးညီညွတ်ခြင်းနှင့် ဦးဆောင်မှု အနေအထားကို ကာကွယ်ထိန်းသိမ်းရန် ဖြစ်ပါသည်။