ဝမ်ယိသည် မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံ

(GMT+08:00)2022-07-04 16:24:40  

ဇူလိုင်လ ၃ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ပုဂံမြို့၌ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး သတ္တမ အကြိမ်မြောက် နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်စဉ် အတောအတွင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံသည် မြန်မာ-တရုတ် အပြန်အလှန် လေးစားပြီး တန်းတူရည်တူ သဘောထားကြသော ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေး အစဉ်အလာကို မြင့်မားစွာ တန်ဖိုးထားပါကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိုယ်ကျိုးမဖက် ကူညီထောက်ပံ့မှုများအတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ၏ ထိုင်ဝမ်၊ ဟောင်ကောင်၊ ရှီးဇန့်၊ ရှင်းကျန်း၊ လူ့အခွင့်အရေး စသည့် ရေးရာ အပေါ် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက် ပြတ်ပြတ်သားသား ထောက်ခံမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ပြီး မြန်မာ-တရုတ် ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို အဆက်မပြတ် နက်ရှိုင်းလာအောင် တွန်းအား ပေးလိုပါကြောင်း ပြောကြားပါသည်။

ဝမ်ယိက တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးသည် နှစ်နိုင်ငံမှ ယခင် ခေါင်းဆောင်များ ကိုယ်တိုင် မွေးထုတ် ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူများမှ ကျယ်ပြန့်သော ထောက်ခံမှုနှင့် နက်ရှိုင်းသော အခြေခံ ရှိကာ နိုင်ငံတကာ အခြေအနေ ပြောင်းလဲမှုများ၏ စမ်းသပ်မှုနှင့် ပြည်တွင်း အခြေအနေ ပြောင်းလဲမှုများ၏ ဂယက်ရိုက်ခတ်မှုများကို ဖြတ်ကျော်၍ အစဉ်တစိုက် ခိုင်ခံ့ပါကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ၏ ချစ်ကြည်ရေး အစဉ်အလာကို တန်ဖိုးထားပြီး မြန်မာ ပြည်သူတစ်ရပ်လုံးအား မျက်နှာမူသော မြန်မာနိုင်ငံနှင့် ချစ်ကြည်ရေး မူဝါဒကို စွဲကိုင်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့် ချစ်ကြည်ရေး မူဝါဒ ပြတ်ပြတ်သားသား ကျင့်သုံးခြင်းကို တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူးပါကြောင်း၊ မြန်မာပြည်သူများက ကိုယ့်နိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းကြောင်း ရှာကြံခြင်းနှင့် နိုင်ငံတကာ၌ မြန်မာနိုင်ငံက တရားမျှတသော အခွင့်အရေး၊ အကျိုးစီးပွားနှင့် အမျိုးသား ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ခြင်းကို ထောက်ခံပါကြောင်း ပြောကြားပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-မြန်မာ စီးပွားရေး စင်္ကြင်္ံ တည်ဆောက်မှုကို ပိုမို လျင်မြန်စွာ တွန်းအားပေးရန်၊ နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓါတ်အားကွန်ရက် သဘောတူညီချက် ဖေါ်ဆောင်ရေးကို ကောင်းမွန်စွာ ဆောင်ရွက်ရန်၊ တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းများ ချောမောစွာ လည်ပတ်စေရေးကို အာမခံချက်ပေးရန်၊ “တရုတ်-မြန်မာ စီးပွားရေး စင်္ကြင်္ံ+” ပူးပေါင်းဆောင်ရွက်ရေးကို သင့်တော်သည့်အချိန်တွင် တိုင်ပင်ဆွေးနွေးရန်၊ နှစ်ဖက် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တိုးမြှင့်ရန် တစ်ညီတစ်ညွတ်တည်း သဘောတူကြပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး စသဖြင့်နှင့်ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်ဦးနှစ်ဖက်တို့သည် တရုတ်-မြန်မာ စီးပွားရေး နည်းပညာ၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ လယ်ယာစိုက်ပျိုးရေး၊ ပြည်သူလူထု နေထိုင်မှုဘဝရေးရာနှင့် လေ့ကျင့်ပျိုးထောင်မွမ်းမံသင်တန်းများရေးရာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး စာတမ်းများ လဲလှယ်ရေး အခမ်းအနားသို့လည်း တက်ရောက် ခဲ့ကြပါသည်။