“တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” မူဝါဒသည် ဟောင်ကောင်တွင် တစ်ကမ္ဘာလုံးမှ အသိအမှတ် ပြုကြသော အောင်မြင်မှု ရရှိ

(GMT+08:00)2022-07-02 16:25:51  

ယခုလ ၁ ရက်နေ့က ကျင်းပခဲ့သော ဟောင်ကောင် အမိရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည့် ၂၅ နှစ် ပြည့်မြောက်ခြင်း ညီလာခံနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ ဆဋ္ဌမအကြိမ် အစိုးရ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်က အရေးကြီး မိန့်ခွန်း ပြောကြားရာ၌ လွန်ခဲ့သည့် ၂၅ နှစ်အတွင်း အမိနိုင်ငံ၏ အစွမ်းကုန် အားပေးထောက်ခံမှုနှင့် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရနှင့် လူ့ဘောင်အဖွဲ့အစည်း အလွှာပေါင်းစုံတို့၏ လက်တွဲ ကြိုးပမ်းမှုဖြင့် “တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” မူဝါဒကို ဟောင်ကောင်တွင် အကောင်အထည် ဖော်ဆောင်ခြင်းသည် တစ်ကမ္ဘာလုံးမှ အသိအမှတ်ပြုကြသော အောင်မြင်မှု ရရှိကြောင်း ပြောကြား သည်။

လွန်ခဲ့သည့် ၂၅ နှစ်အတွင်း ဟောင်ကောင်သည် မိုးဒဏ်လေဒဏ်များနှင့် စိန်ခေါ်မှုများကို ကျော်လွှားပြီး နိုင်ငံတကာ ငွေရေးကြေးရေး၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေး နယ်ပယ်များတွင် ဗဟိုချက်မ အဆင့်နေရာ ပိုမိုခိုင်မာလာကာ ဟောင်ကောင်သူ ဟောင်ကောင်သားများ က မကြုံစဖူးများပြားသော ဒီမိုကရေစီ အခွင့်အရေးနှင့် လွတ်လပ်မှုရရှိ၍ ပြည်သူတို့၏ စားဝတ်နေရေးနှင့် ချမ်းသာသုခ များစွာ တိုးမြင့်လာသည်။

မကြာခင်က ကျင်းပခဲ့သော ဖိုရမ်တစ်ခုတွင် အမေရိကန် The Kuhn Foundation ဥက္ကဋ္ဌ Robert Lawrence Kuhn က “တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး”မူဝါဒ ကျင့်သုံးခြင်းကြောင့် ဟောင်ကောင်သည် ထူးခြားသော အဆင့်နေရာရှိပြီး တရုတ်ပြည်၏ နိုင်ငံတကာ ပုံရိပ်နှင့် ဆော့ဖ်ပါဝါကို ပြသနေကြောင်း ပြောကြားသည်။

ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်ခဲ့သည့် ၂၅ နှစ်အတွင်း ရရှိခဲ့သော အောင်မြင်မှုများသည် “တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး”မူဝါဒက နိုင်ငံတော်နှင့် အမျိုးသား အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီပြီး ဟောင်ကောင်၊ မကာအို၏ အရင်းခံ အကျိုးစီးပွားနှင့်လည်း ကိုက်ညီခြင်းကို ပြဆိုနေသည်။ ယင်းသို့ ကောင်းမွန်သည့် မူဝါဒကို ပြောင်းလဲရန် မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ရေရှည် စွဲကိုင်ကျင့်သုံးရမည် ဖြစ်သည်။

“တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” မူဝါဒကို ဘက်စုံ မှန်ကန်စွာ ဆက်လက် ကျင့်သုံးမည်ဆိုလျှင် ဟောင်ကောင်တွင် ရေရှည် စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းမည် ဖြစ်ပြီး တရုတ်ပြည်၏ ခေတ်မီနိုင်ငံ ဘက်စုံတည်ဆောက်ရေးအတွက် ကြီးမားသည့် အကျိုးပြုမှုကို စွမ်းဆောင်နိုင်မည်ဖြစ်ကာ နိုင်ငံတကာ အသိုင်းအဝိုင်းအား ပိုမိုများပြားသည့် အခွင့်ကောင်းများကို မျှဝေခံစားစေမည် ဖြစ်သည်။ “တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး” မူဝါဒသည် ဟောင်ကောင်တွင် ပိုမိုကြီးမားသည့် အောင်မြင်မှုများ ရရှိလိမ့်မည် ဖြစ်သည်။