မြန်မာနိုင်ငံရှိ အဝေးပြေးရထားလက်မှတ်ခနှုန်းထားများ အနိမ့်ဆုံး ၁၃၀၀ ကျော်မှ ၈၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်လာ

(GMT+08:00)2022-07-01 13:52:24  

မြန်မာနိုင်ငံရှိ အဝေးပြေးရထားလက်မှတ်ခများကို ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ အနိမ့်ဆုံး ကျပ် ၁၃၀၀ ကျော်လောက်မှ ကျပ် ၈၀၀၀ ကျော်လောက်အထိ တိုးမြှင့် သတ်မှတ်ကာ ရောင်းချနေတယ်လို့ ရန်ကုန်ဘူတာကြီးတွင် ကြိုတင်လက်မှတ် သွားရောက် ဝယ်ယူခဲ့သူတွေဆီက သိရပါတယ်။

    “နဂိုအတိုင်းပဲထင်ပြီး လက်မှတ်သွားဝယ်တာ၊ ဟိုရောက်တော့ ဈေးနှုန်းတွေ တိုးထားတယ်၊ ပိုက်ဆံမလောက်လို့ အခက်အခဲကြုံတာပေါ့၊ ဖြစ်သင့်တာက အားလုံး သိအောင် ကြိုတင်ကြေညာထားပြီးတော့မှ တိုးတာမျိုးက ခရီးသည်တွေ ဘက်က ပိုက်ဆံ ပိုပြီး ယူသွားလို့ရတာပေါ့” လို့လည်း ကြိုတင်လက်မှတ်ဝယ်ခဲ့သူတစ်ဦးက ပြောပြပါတယ်။

အဆိုပါတိုးမြှင့်သတ်မှတ်လိုက်တဲ့ လက်မှတ်ခတွေဟာ ဇူလိုင်လမှာ စတင်မှာ ဖြစ်ပေမယ့် ဇွန်လ ၃၀ ရက်မှာ ရက်ကြို လက်မှတ်ရောင်းတဲ့အခါ တိုးမြှင့်ထားတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချလာတာ ဖြစ်ပါတယ်။ ထိုတိုးမြှင့်ထားတဲ့ နှုန်းထားတွေဟာ ရထားခရီးစဉ်အလိုက် ကွာခြားမှုရှိတာ ဖြစ်ပါတယ်။

ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ညနေ ၃ နာရီ ၄၅ မိနစ်ထွက်တဲ့ အမှတ် ၃ အဆန် ရထားမှာ ယခင်က ရိုးရိုးတန်း ၄၆၅ဝ ကျပ်မှ ယခုကျပ် ၃၀၀၀ ကျော်တိုး၍ ၇၇၅၀ ကျပ်၊ အထက်တန်းလက်မှတ်ခမှာ ၉၃၀ဝ ကျပ်မှ ကျပ် ၆၀၀၀ ကျော်တိုး၍ ၁၅၄၅၀ ကျပ်၊ အိပ်စင်လက်မှတ်ခမှာ ၁၃၀၀၀ ကျပ်မှ ၈၂၀၀ ကျော် တိုးကာ ၂၁၂၅၀ ကျပ်ဖြင့် ဈေးနှုန်းပြောင်းလဲရောင်းချလာတာဖြစ်သလို ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် အစရှိတဲ့ ရထားလက်မှတ်တွေဟာလည်း မူလနှုန်းထားများထက် တိုးမြှင့်သတ်မှတ်ထားတဲ့ နှုန်းထား သစ်ဖြင့် ရောင်းချလာတာဖြစ်တယ်လို့ သိရပါတယ်။