ရှီကျင့်ဖိန်သည် ကယ်ရီလန်းနှင့် တွေ့ဆုံ

(GMT+08:00)2022-07-01 09:18:39  

   တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇွန်လ ၃၀ ရက်နေ့ ညနေပိုင်းက ဟောင်ကောင်၌ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ကယ်ရီလန်းနှင့် တွေ့ဆုံခဲ့ပါသည်။

   ရှီကျင့်ဖိန်က လွန်ခဲ့သည့် ငါးနှစ်အတွင်း ဗဟိုအစိုးရ၏ ပြတ်ပြတ်သားသား ထောက်ခံမှုဖြင့် ခင်ဗျားက အုပ်ချုပ်ရေးမှူးအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန် ဝတ္တရားများကို သစ္စာစောင့်သိရိုသေစွာ ဖေါ်ဆောင်ပြီး တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး မူဝါဒနှင့် အခြေခံဥပဒေများကို ပြတ်ပြတ်သားသား အကောင်အထည်ဖေါ်ဆောင်ခဲ့ကြောင်း၊ အထူးအုပ်ချုပ်ရေးဒေသအစိုးရကို ဦးဆောင်ပြီး ဥပဒေနှင့်အညီ နိုင်ငံရေး စီမံခန့်ခွဲ၍ အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် စည်းလုံးညီညွတ်ပြီး ဆူပူအကြမ်းဖက်မှုများကို တားမြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကို အစွမ်းကုန် တိုက်ဖျက်ခဲ့ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးရေးအကျိုးစီးပွားနှင့် ဟောင်ကောင် စည်ပင်သာယာရေးနှင့် တည်ငြိမ်ရေး တို့ကို ထိန်းသိမ်းကာကွယ်ရန်၊ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များက ဟောင်ကောင်ကို စီမံ အုပ်ချုပ်ရေးမူကို ဖေါ်ဆောင်ရန်နှင့် ဟောင်ကောင် အခြေအနေ ပြန်လည် တည်ငြိမ်စေဖို့ တွန်းအားပေးရန်အတွက် အခက်အခဲများကျော်လွှားပြီး လုပ်ငန်းများစွာ ဆောင်ရွက်ခဲ့၍ အရေးကြီး အကျိုးပြုစွမ်းဆောင်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ ဗဟိုအစိုးရသည် ခင်ဗျား၏ ငါးနှစ်အတွင်း လုပ်ငန်းတာဝန်များကို ပြည့်ပြည့်ဝဝ အသိအမှတ် ပြုပါကြောင်း ပြောကြား ပါသည်။

  ထို့ပြင် ရှီကျင့်ဖိန်က အုပ်ချုပ်ရေးမှူးသစ်နှင့် အထူးအုပ်ချုပ်ရေးဒေသအစိုးရသစ်၏ ဥပဒေနှင့်အညီ နိုင်ငံရေး စီမံခန့်ခွဲခြင်းကို ခင်ဗျားက တက်ကြွစွာ ထောက်ခံပြီး ဟောင်ကောင်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် အကျိုးပြု စွမ်းဆောင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

   ကယ်ရီလန်းက ဟောင်ကောင်၏ လွန်ခဲ့သည့် ငါးနှစ်တာကာလသည် ရိုးရိုးသာမန် မဟုတ်သောကာလဖြစ်ပြီး မိမိသည် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး လုပ်ငန်းအတွက် အကျိုးပြုနိုင်ခဲ့သည့်အတွက် လွန်စွာ ဂုဏ်ယူမိပါကြောင်း၊ အမိနိုင်ငံ စည်ပင်သာယာပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဟောင်ကောင် ခရီးစဉ် ချောမောအောင်မြင်ပါစေဟု ဆုတောင်း ပါကြောင်း ပြောကြားခဲ့ပါသည်။

  ထို့နေ့ညနေပိုင်းတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ နိုင်ငံရေး၊ ဥပဒေပြုရေး၊ တရားရေးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟောင်ကောင် အလွှာပေါင်းစုံမှ ကိုယ်စားလှယ်များ၊ ဟောင်ကောင် စည်းမျဉ်းစည်းကမ်းတပ်ဖွဲ့မှ ကိုယ်စားလှယ်များ၊ ဟောင်ကောင်ရှိ ဗဟိုအစိုးရဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အသီးသီး တွေ့ဆုံခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။