တရုတ်နိုင်ငံသည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် လူမှု စီးပွား ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းကို တစ်ပြိုင်တည်း ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ယုံကြည်စိတ် ရှိသည်ဟု ရှီကျင့်ဖိန်ဆို

(GMT+08:00)2022-06-30 15:15:32  

  ယခုလ ၂၈ ရက်နေ့က တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဟူပေပြည်နယ် ဝူဟန့်မြို့ရှိ လူနေရပ်ကွက်တစ်ခုသို့ သွားရောက်ပြီး ကူးစက်ရောဂါ ပုံမှန် ထိန်းချုပ် ကာကွယ်ရေးနှင့် ရောဂါလွန်ချိန်တွင် လူနေရပ်ကွက် စီမံခန့်ခွဲရေး လုပ်ငန်းများကို လေ့လာကြည့်ရှုခဲ့ပါသည်။

   ရှီကျင့်ဖိန်က တရုတ်နိုင်ငံတွင် Dynamic zeroing မူဝါဒ ကျင့်သုံးခြင်းသည် တရုတ် ကွန်မြူနစ်ပါတီက နိုင်ငံရေးစီမံခန့်ခွဲခြင်းသည် ပြည်သူများအတွက် အကျိုးပြု ဆောင်ရွက် ရမည်ဆိုသည့် ရည်မှန်းချက်အတိုင်း တရုတ်နိုင်ငံ၏ လက်တွေ့အခြေအနေအရ ချမှတ် ထားခြင်းဖြစ်ကြောင်း၊ အချိန်နှင့် အခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ ထိန်းချုပ် ကာကွယ်ရေး ဆောင်ရွက်ချက်များကို စီမံပြုပြင်ပေးပြီး ပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို အတတ်နိုင်ဆုံး ကာကွယ်ပေးနေကြောင်း၊ ခြုံပြီးပြောရလျှင် တရုတ်နိုင်ငံ၏ ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆောင်ရွက်ချက်များသည် အထိရောက်ဆုံး၊ အကျိုးသက်ရောက်မှု အကောင်းဆုံး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို တစ်ပြိုင်တည်း ကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန် ယုံကြည်စိတ်ရှိပြီး ယခုနှစ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အသင့်အတင့် ကောင်းမွန်သော အရည်အချင်း ရောက်ရှိစေရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

  ရှီကျင့်ဖိန် လေ့လာကြည့်ရှုသော လူနေရပ်ကွက်သည် ကြည့်ယွမ့် လူနေရပ်ကွက် ဖြစ်ပြီး နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်ခု၏ ဟောင်းနွမ်း အအောက်အအုံများကို ပြန်လည် တည်ဆောက်ထားခြင်းဖြစ်ကာ မြို့သူမြို့သား ၈၀၀၀ ကျော်သည် ယင်းလူနေရပ်ကွက်၌ နေထိုင်နေကြပါသည်။ ယင်းလူနေရပ်ကွက်သည် ကုန်ထုတ်လုပ်မှု နာလန်ပြန်ထူရေးနှင့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကို တစ်ပြိုင်တည်း စနစ်တကျ လုပ်ဆောင် နေသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။