Texas ပြည်နယ် “ထရပ်ကားထဲမှ ရွှေ့ပြောင်းနေထိုင်သူများ၏ ရုပ်အလောင်းများ တွေ့ရှိမှု” နောက်ကွယ်ဖြစ်ရပ်မှန်များ

(GMT+08:00)2022-06-30 15:17:04  

မကြာခင်က အမေရိကန် Texas ပြည်နယ်ရှိ “ထရပ်ကားထဲမှာ ရွှေ့ပြောင်း နေထိုင်သူများရဲ့ ရုပ်အလောင်းများ တွေ့ရှိမှု”  ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန် ရဲတို့က San Antonio မြို့မှာ စွန့်ပစ်ခံထားရတဲ့ ထရပ်ကားတစ်စီးထဲမှာ ရွှေ့ပြောင်းနေထိုင်သူရဲ့ ရုပ်အလောင်း အမြောက်အမြားကို တွေ့ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ သေဆုံးသူဦးရေဟာ ၅၁ ဦး အထိ တိုးလာပါပြီ။ အဲဒါဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အမေရိကန်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူများ ပြင်းထန်ဆိုးရွားစွာ သေဆုံးမှုများထဲမှ တစ်ခု အပါအဝင် ဖြစ်ပါတယ်။

ကြေကွဲဖွယ်အဖြစ်ဆိုး ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် နိုင်ငံရေးသမားတို့က အရင်ကလိုပဲ အပြန်အလှန် အပြစ်ပုံချမှု စတင်ပြုလုပ်ခဲ့ကြပါတယ်။ Texas ပြည်နယ် ရီပတ်ဗလစ်ကင်ပါတီဝင် ပြည်နယ်မှူးက သမ္မတ ဘိုင်ဒန်ရဲ့ နယ်စပ်ဆိုင်ရာ မူဝါဒကြောင့် ယင်းရွှေ့ပြောင်းနေထိုင်သူများ သေဆုံးမှု ဖြစ်စေခဲ့တယ်လို့ ဆိုရှယ်မီဒီယာမှာ ပြစ်တင် ပြောဆိုခဲ့ပါတယ်။ ဘိုင်ဒန်ကတော့ ကြေညာချက်ထုတ်ပြန်ပြီး အမေရိကန် နယ်မြေ လုံခြုံရေး ဝန်ကြီးဌာနက စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ပြီဖြစ်ပြီး အဲဒီ ကြေကွဲဖွယ် ဖြစ်ရပ်ဟာ လူကုန်ကူးသူများရဲ့ အပြစ်ကြောင့် ဖြစ်စေခဲ့တာ ဖြစ်တယ်လို့ ပဏာမ အစီရင်ခံစာအရ သိရကြောင်း ပြောဆိုခဲ့ပါတယ်။

အမေရိကန်ရဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာကို ဘာကြောင့် ခုချိန်ထိ မဖြေရှင်းနိုင်သေးပါသလဲ။ ပါတီချင်း ယှဉ်ပြိုင်မှုဟာ အရေးကြီး အကြောင်းရင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီနှစ် အမေရိကန်မှာ အလယ်ကာလ ရွေးကောက်ပွဲကို ကျင်းပမှာ ဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာဟာ ပါတီနှစ်ခု ယှဉ်ပြိုင်ရေးဆိုင်ရာ “ထိုးကြေး” ပြန်ဖြစ်လာပါတယ်။ ဘိုင်ဒန်က သမ္မတရာထူး ထမ်းဆောင်ခါစမှာ ရွှေ့ပြောင်းနေထိုင်သူ ဥပဒေကြမ်းကို ဘက်စုံ ပြုပြင်ပြောင်းလဲမယ်လို့ ကတိပြုခဲ့ဖူးပါတယ်။ ဒါပေမယ့် ပါတီချင်း အငြင်းအခုံများကြောင့် ယခုအထိ သက်ရောက်မှု တစ်စုံတစ်ရာ မရရှိသေးပါဘူး။ နှစ်ပေါင်းများစွာအတွင်း အမေရိကန်က လက်တင်အမေရိကနိုင်ငံများရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေခဲ့တဲ့ အခြေအနေမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ပြဿနာဟာ အမေရိကန်ပုံစံ ဗိုလ်ကျစိုးမိုးရေးရဲ့ ဆိုးကျိုးတစ်ရပ် ဖြစ်လာတယ်လို့ ကျွမ်းကျင်ပညာရှင်များက သုံးသပ်ဖေါ်ပြကြပါတယ်။

Texas ပြည်နယ် “ထရပ်ကားမှာ ရွှေ့ပြောင်းနေထိုင်သူများရဲ့ ရုပ်အလောင်းများ တွေ့ရှိမှု” ဖြစ်ရပ်ဆိုးဟာ သတိပေးခေါင်းလောင်း တစ်ချက် ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံရေးသမားတို့က ဒုက္ခသည်နဲ့ ရွှေ့ပြောင်းနေထိုင်သူများရဲ့ လူ့အခွင့်အရေးကို ထိထိ ရောက်ရောက် ထိန်းသိမ်းကာကွယ်ပေးသင့်ပြီလို့ China Media Group မှ သတင်း ဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။