အမေရိကန်နဲ့ ပြည်နယ်ချင်း မိတ်ဖက်ဆက်ဆံမှု စီမံကိန်းကို ရပ်တန့်မယ်လို့ နီပေါ ဆုံးဖြတ်

(GMT+08:00)2022-06-29 16:45:36  

မကြာခင်က နီပေါ ကက်ဘိနက်အဖွဲ့က အမေရိကန်နဲ့ ပြည်နယ်ချင်း မိတ်ဖက် ဆက်ဆံမှု SPP စီမံကိန်းကို ရပ်တန့်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆုံးဖြတ်ချက် ပြုလုပ်ရာမှာ နီပေါမှာ ပါတီအသီးသီးနဲ့ တပ်ဖွဲ့တို့ရဲ့ ရပ်တည်ချက်ဟာ တညီတညွတ်တည်း ဖြစ်ပြီး၊ “SPP စီမံကိန်းကို ပါဝင်ခြင်းဟာ နီပေါရဲ့ အကျိုးစီးပွားနဲ့ မကိုက်ညီကြောင်း”၊ “ဒီကိစ္စ ဆွေးနွေးခြင်းကို ထာဝရ အဆုံးသတ်ရကြောင်း” အတူတကွ ယူဆကြပါတယ်။

SPP စီမံကိန်းကဘာပါလဲ။ အမေရိကန် diplomat မဂ္ဂဇင်းမှာ SPP စီမံကိန်းဟာ အမေရိကန်က လူသားချင်း စာနာထောက်ထားရေး ဆောင်ရွက်မှုရဲ့ မျက်နှာဖုံးနဲ့ ကျယ်ပြန့်သော နိုင်ငံရေးနဲ့ မဟာဗျူဟာ ရည်မှန်းချက်များကို တွန်းအားပေး ဖေါ်ဆောင်ရန် နယ်ပယ်မျိုးစုံဖြစ်တဲ့ ကိရိယာ ဖြစ်တယ်လို့ မကြာခင်က တိုက်ရိုက် ထောက်ပြထားခဲ့ ပါတယ်။ နီပေါနိုင်ငံ  Kathmandu post သတင်းစာမှာ SPP စီမံကိန်းဟာ ယနေ့ အမေရိကန်ရဲ့ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။

နီပေါနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်ရေး SPP စီမံကိန်းမူကြမ်းမှာ နှစ်ဖက်တို့က နီပေါ ကုန်းပြင်မြင့်ဒေသမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်း၊ အမေရိကန်ရဲ့ အမျိုးသား ရဲစောင့်တပ်ဖွဲ့က ကန့်သတ်မှုမဲ့ နီပေါပြည်တွင်းဝင်ရောက်ပြီး အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ အမေရိကန်က နီပေါကို အကြမ်းဖက်မှု တိုက်ဖျက်ရေး သတင်း အချက်အလက်များနဲ့ စစ်ဆင်ရေးပစ္စည်းများကို ထောက်ပံ့ပေးခြင်း စတာတွေ ပါဝင် ပါတယ်။ အဲဒါတွေအားလုံး စစ်ရေးနဲ့ ပတ်သက်ပြီး နီပေါပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ဖို့ ကြံစည်ချက်ဆိုတာ လွန်စွာ ထင်ရှားကာ နီပေါ ပြည်တွင်းမှာ အငြင်းအခုံ အပြင်းအထန် ဖြစ်ပေါ်စေမှာ မုချဧကန်ပါပဲ။ မကြာခင်က နီပေါ ကက်ဘိနက်အဖွဲ့က SPP စီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်ခြင်းဟာ နီပေါနိုင်ငံရဲ့ အကျိုးစီးပွားနဲ့ ကိုက်ညီရုံသာမက နီပေါနိုင်ငံက ကြာရှည်တဲ့ကာလအတွင်း ကျင့်သုံးနေတဲ့ ဘက်မလိုက်မှုနဲ့ ချိန်ခွင်ညီမျှတဲ့ သံတမန်ရေးမူဝါဒနဲ့လည်း ကိုက်ညီပါတယ်။ နီပေါရဲ့ ဒီဆုံးဖြတ်ချက်ဟာ အမေရိကန်ရဲ့ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” အတွက် ရှုံးနိမ့်မှု တစ်ရပ် ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများရဲ့ ဆင်ခြင်မှုရှိရှိ ရွေးချယ်မှုများ ပြုလုပ်လာတာနဲ့အမျှ အမေရိကန်ရဲ့ “အင်ဒို-ပစိဖိတ် မဟာဗျူဟာ” ဟာ အနှေးနှင့်အမြန် နောက်ဆုံး တစ်ခုလုံး ရှုံးနိမ့်သွားမှာ ဖြစ်ကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။