တရုတ်နိုင်ငံသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုနေ

(GMT+08:00)2022-06-26 14:25:57  

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၄ ရက်နေ့ညက ဗီဒီယို အသွင်ပုံစံဖြင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် ဆွေးနွေးပွဲကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ၄င်းက မြေဝါကုန်းပြင်မြင့်၌ လယ်သမား လုပ်ခဲ့သည့် အကြောင်းကို ပြောကြားခဲ့ရာ၊ လွန်ခဲ့သည့်ရာစု ၆၀ ခုနှစ်များ နှောင်းပိုင်းအချိန်တွင် မိမိသည် တရုတ်ပြည် မြေဝါကုန်းပြင်မြင့်ဒေသမှ ရွာလေးတစ်ရွာတွင် လယ်သမား လုပ်ခဲ့ချိန်တွင် အရပ်သူ အရပ်သားများ၏ လယ်ယာစိုက်ပျိုးရေးနှင့် စားဝတ်နေရေးဆိုင်ရာ ခက်ခဲမှုများကို မျက်မြင် ကိုယ်တွေ့ ခံစားခဲ့ရကြောင်း၊ နှစ် ၅၀ ကြာပြီးနောက် မိမိက ယင်းနေရာကို ပြန်ရောက်ခဲ့ချိန်တွင် ရွာသားများက ဝမ်းဝခါးလှ ဖြစ်ပြီး မျက်နှာပေါ်တွင် ချမ်းမြေ့သော အပြုံးရှိနေသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အဆက်မပြတ် ဖွံ့ဖြိုး တိုးတက် မှသာ ပြည်သူများ၏ နေထိုင်မှုဘဝ ချမ်းမြေ့ရေး၊ ရပ်ရွာအေးချမ်းရေး အိပ်မက်ကို ဖေါ်ဆောင်နိုင်မည်ဟု မိမိက နက်ရှိုင်းစွာ ခံစားမိပါကြောင်း ပြောကြားခဲ့ပါသည်။

လွန်ခဲ့သည့်နှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ကမ်းလှမ်းချက်များကို တင်ပြပြီး နိုင်ငံတကာမိသားစုကြီးက ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းကို ပြန်လည် အာရုံ စူးစိုက်ကြရန် တွန်းအားပေးခဲ့ပါသည်။ ယခုအကြိမ် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့် ဆွေးနွေးပွဲ ကျင်းပခြင်းသည် ယင်းကမ်းလှမ်းချက်များ စတင် ဖေါ်ဆောင် နေကြောင်း ပြသနေပါသည်။

ယခုအကြိမ် ဆွေးနွေးပွဲတွင် ရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်မှု တွန်းအားပေးရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီမှုကို အတူ အလေးထားကြရန်၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုး ရှိသည့် နိုင်ငံတကာ ပတ်ဝန်းကျင်ကို အတူ ဖန်တီပေးကြရန်၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းဆောင်ရည်သစ်ကို အတူ မွေးထုတ်ဖေါ်ထုတ်ကြရန်၊ နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်ရေး မိတ်ဖက်ဆက်ဆံမှုကို အတူ ဖွဲ့စည်းတည်ထောင်ကြရန်လည်း ပန်ကြားခဲ့ပါသည်။

ယင်းပန်ကြားချက်များသည် ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများက စိန်ခေါ်မှုများကို ကျော်လွှားပြီး ဖွံ့ဖြိုးတိုးတက်မှု ရှာကြံဖေါ်ဆောင်ရန်အတွက် လမ်းညွှန် ပေးပြီး ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ပိုမို လျင်မြန်စွာ ဖေါ်ဆောင်ရေးအတွက် အကျိုးပြုစွမ်းဆောင်ခြင်းအသစ်ပင် ဖြစ်ကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။