BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၏ အောင်ကျိုးရလဒ်များသည် ခန့်မှန်း ထားသည်ထက် များစွာ ပိုမိုကောင်းမွန်

(GMT+08:00)2022-06-25 09:29:09  

   ဒီလ ၂၃ ရက်နေ့ညမှာ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဗီဒီယို အသွင်ပုံစံနဲ့ ၁၄ ကြိမ်မြောက် BRICS နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ကြီးမှူး ကျင်းပပြီး BRICS နိုင်ငံများအနေနဲ့ သွေးစည်းညီညွတ်ပြီး အင်အားစုစည်း၍ အနာဂတ်သို့ အတူ လျှောက်လှမ်း ကြရန် ပန်ကြားခဲ့ပါတယ်။

ဒီအကြိမ် အစည်းအဝေးမှာ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အချက်လေးချက်ကို အဆိုပြုခဲ့ပြီး အဲဒါတွေကတော့ အေးအတူ ပူအမျှကို စွဲကိုင်ပြီး ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်း ကာကွယ်ရန်၊ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့အတူ ဖွံ့ဖြိုးတိုးတက်ရေးကို စွဲကိုင်ပြီး အန္တရာယ်နဲ့ စိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရန်၊ ဆန်းသစ်တီထွင်ရေးကို စွဲကိုင်ပြီး ပူးပေါင်း ဆောင်ရွက်မှု အလားအလာနဲ့ ရှင်သန်စွမ်းအားကို တွန်းအားပေးရန်၊ တံခါးဖွင့်ရေးနဲ့ သက်ညှာထောက်ထားရေးကို စွဲကိုင်ပြီး စုပေါင်းအသိဉာဏ်နဲ့အင်အားများကို စုစည်းရန်တို့ ဖြစ်ပါတယ်။ အဲဒီအဆိုပြုချက်တွေဟာ BRICS နိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်ရေး ခရီးစဉ်သစ် စတင်ရန်အတွက် ဦးတည်ချက်ကို ညွှန်ပြထားပါတယ်။

  ထွန်းသစ်စဈေးကွက်နိုင်ငံများနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ကိုယ်စားပြုအဖြစ်နဲ့ BRICS နိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ၁၆ နှစ် ကြာမြင့်ပါပြီ။ ၂၀၂၁ ခုနှစ်အတွင်း BRICS နိုင်ငံများအကြား ကုန်သွယ်မှုပမာဏဟာ ၂၀၀၆ ခုနှစ်ကထက် ၃၀၀ ရာခိုင်နှုန်း တိုးလာပြီး ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရေးနဲ့ စီးပွားရေး တိုးတက်ရေးဆိုင်ရာ အင်ဂျင် တစ်ရပ် ဖြစ်လာပါတယ်။

 BRICS သဘောတရား တင်ပြသူဖြစ်တဲ့ Goldman Sachs မှ ထိပ်တန်း စီးပွားရေး ပညာရှင် Jim ONeill က BRICS ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ ကျွန်တော် ခန့်မှန်းထားတာထက် များစွာ ပိုမိုကောင်းမွန်ပါတယ်၊ တရုတ်နိုင်ငံဟာ BRICS ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးတဲ့ တွန်းအားပေးတဲ့အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ပြောခဲ့ဖူးတယ်။ ဒီအကြိမ်အစည်းအဝေးဟာ BRICS ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး တွန်းအားပေး သွားမယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။