BRICS စက်မှုနှင့် ကုန်သွယ်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ ရှီကျင့်ဖိန် တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00)2022-06-23 15:37:06  

ဇွန်လ ၂၂ ရက်နေ့ ညက တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဗီဒီယိုပုံစံဖြင့် BRICS စက်မှုနှင့်ကုန်သွယ်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ခေတ်ရေစီးကြောင်းကို စွဲကိုင်ပြီး ထွန်းလင်းတောက်ပသောအနာဂတ်ကို ဖန်တီးခြင်း ဟူသော ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က ယခု တစ်ကမ္ဘာလုံးတွင် နှစ်ပေါင်းတစ်ရာ အတွင်း မကြုံစဖူး ကြီးမားသော အပြောင်းအလဲများနှင့် ကိုဗစ်-၁၉ ရောဂါ အခြေအနေ ရောနှောတည်ရှိပြီး လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ ကမ္ဘာ့စီးပွားရေး နာလန်ပြန်ထူရန် ခြေလှမ်းနှေးကွေးပြီး တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သမိုင်းရေစီးကြောင်းမှာ တခါတလေ တည်ငြိမ်ပြီး တခါတလေ ရေလှိုင်းကြီးသော်လည်း ရှေ့သို့ မရပ်မနား စီးဆင်းလိမ့်မည်ဖြစ်ကြောင်း၊ ပထမအချက်မှာ မိမိတို့သည် ကမ္ဘာ့ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန် စည်းလုံးညီညွှတ်ပြီး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒုတိယအချက်မှာ မိမိတို့သည် တစ်ကမ္ဘာလုံး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်စေရန် အပြန်အလှန် ကူညီဖေးမသင့်ကြောင်း၊ တတိယအချက်မှာ မိမိတို့သည် အပြန်အလှန် အကျိုးရှိစေရန် တစ်လှေတည်းစီး၊ တစ်ခရီးတည်း သွားရမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ မိမိတို့သည် တံခါးဖွင့်ရေးနှင့် ရောနှော ပေါင်းစပ်ရေးကို တိုးချဲ့ရန် အားလုံးပါဝင်စေရမည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က BRICS ပူးပေါင်းဆောင်ရွက်ရေးစနစ်မှာ ထွန်းသစ်စဈေးကွက် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးသော ပလက်ဖောင်း ဖြစ်ကြောင်း၊ ယခု BRICS ပူးပေါင်းဆောင်ရွက်ရေးမှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကဏ္ဍသစ်သို့ ဝင်ရောက်လိုက်ပြီဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အပြန်အလှန် အကျိုးရှိစေပြီး စည်းလုံးညီညွှတ်ကာ ပူးပေါင်းဆောင်ရွက်လျှင် BRICS သည် လှေကြီးကဲ့သို့ လှိုင်းလေကြားမှ အောင်မြင်စွာ တစ်ဟုန်ထိုး ရှေ့ရှုချီတက်ပြီး ပိုမို ထွန်းလင်းတောက်ပသော အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။