တရုတ်ပြည်သည် ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေပြီး နိုင်ငံတော်အခြေအနေနှင့် ကိုက်ညီသော လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအတိုင်း လျှောက်လှမ်းသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-06-22 13:34:10  

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ယခုလ ၂၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ် လူ့အခွင့်အရေးလုပ်ငန်း အောင်ကျိုးရလဒ်များဆိုင်ရာ မေးခွန်းများကို ဖြေကြားခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခဲ့သည့်နောက်ပိုင်း လူ့အခွင့်အရေးရှိစေရန်၊ လေးစားရန်၊ ကာကွယ်ပေးရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တရုတ်ပြည်သူများကို စည်းလုံးညီညွတ်စွာ ဦးဆောင်ပြီး ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေပြီး နိုင်ငံတော်အခြေအနေနှင့် ကိုက်ညီသော လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအတိုင်း လျှောက်လှမ်းလျက်ရှိကြောင်း ပြောကြားသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခဲ့သည့်နောက်ပိုင်း တရုတ်ပြည်သူများသည် ပိုမိုကျယ်ပြန့်ပြီး ပိုမို ပြည့်ဝပြည့်စုံသော ဒီမိုကရေစီအခွင့်အရေးများကို ရရှိခံစားကြပြီး တရုတ်ပြည်သူများ၏ လူ့အခွင့်အရေးမှာ မကြုံစဖူးသော အာမခံမှု ရရှိခဲ့ကြောင်း၊ တရုတ်ပြည်သည် လူ့အခွင့်အရေး လေးစားခြင်းနှင့် ကာကွယ်ပေးခြင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးထဲမှ အရေးကြီးသောလုပ်ငန်းစဉ်တစ်ရပ်အဖြစ် သဘောထားပြီး ဖြစ်စဉ် တစ်ရပ်လုံး ဖြစ်သည့် ပြည်သူ့ ဒီမိုကရေစီကို အားသွန်ခွန်စိုက် ဖွံ့ဖြိုး တိုးတက်စေရေး၊ လူအခွင့်အရေးကို တရားဥပဒေအရ ကာကွယ်ပေးရေး၊ တရုတ်ပြည် ရပ်ရွာအေးချမ်း လုံခြုံရေး၊ ဥပဒေစိုးမိုးရေး၊ လူမှု တရားမျှတမှု ကာကွယ်ပေးရေး၊ တိုင်းရင်းသားလူမျိုးစုအားလုံး၏ တရားဝင် အခွင့်အရေးများနှင့် အကျိုးစီးပွားများ ကာကွယ်ပေးရေးတို့ကို မြှင့်တင်ဆောင်ရွက်ကာ တရုတ် လူ့အခွင့်အရေးလုပ်ငန်းသမိုင်းဝင် အောင်မြင်မှုများ ရရှိစေရန် တွန်းအားပေးနေကြောင်း ဝမ်ဝင်ပင်က ပြောကြားသည်။