အဖေထံသို့ ပေးပို့သည့် စာတစ်စောင်- ရှီကျင့်ဖိန်နှင့် ၄င်း၏ အဖေ အကြောင်း

(GMT+08:00)2022-06-19 14:35:23  

ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် အဖေများနေ့ ဖြစ်သည်။ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် ၄င်း၏ အဖေ အကြောင်းကို ပြောပြပါမည်။

ရှီကျင့်ဖိန်၏ နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှု၊ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံမှု၊ ကိစ္စများကို စီမံခန့်ခွဲမှုများတွင် အဖေ ရှီကျုံ့ရွှင်း၏ သြဇာသက်ရောက်မှု ရရှိခဲ့သည်။ ယင်းအချက်ကို ရှီကျင့်ဖိန်မှ ၄င်း၏ အဖေ ထံသို့ ရေးသားပေးပို့သော စာတစ်စောင်တွင် တွေ့နိုင်သည်။

၂၀၀၁ခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့သည် ရှီကျုံ့ရွှင်း အသက် ၈၈နှစ် ပြည့် မွေးနေ့ ဖြစ်သည်။ ထိုအချိန်တုန်းက ဖူကျန့်ပြည်နယ် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်နေသည့် ရှီကျင့်ဖိန်သည် အဖေထံသို့ စာတစ်စောင်ကို ရေးသားပေးပို့ခဲ့သည်။ ၄င်းစာတွင် ရှီကျင့်ဖိန်က အဖေ၏ ကြီးမြတ်သည့် မေတ္တာသည် လူအများကို လွှမ်းမိုးကြောင်း၊ အဖေသည် နွားတစ်ကောင်လို တရုတ်ပြည်သူများအတွက် အပတ်တကုတ် အလုပ်လုပ်ကိုင်ကြောင်း၊ ယင်းသည် ပြည်သူများ အတွက် ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းထဲတွင် မိမိ ခြေစုံပစ်ဝင်ရန် အားပေးရာရောက်ကြောင်း ရေးသားဖော်ပြသည်။

အဖေ၏ သြဇာသက်ရောက်မှုကြောင့် ရှီကျင့်ဖိန်သည် “ပြည်သူများအတွက် ဝန်ဆောင်မှု ပေး”သည့် အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန်ကို တစ်လျှောက်လုံး စွဲကိုင်နေသည်။ တရုတ်ပြည် မြောက်ပိုင်း ဟိုပေပြည်နယ် ကျင့်တင့်ခရိုင်တွင် အလုပ်လုပ်ကိုင်ခဲ့ရာတွင် ရှီကျင့်ဖိန်သည် ခရိုင်ရှိ ကျေးရွာအားလုံးကို လေ့လာကြည့်ရှုခဲ့သည်။ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ် နင်ဒေမြို့တွင် အလုပ်လုပ်ကိုင်ခဲ့ရာတွင် ၃လ အတွင်း နင်ဒေမြို့ ခရိုင် ၉ခုသို့ ကွင်းဆင်းလေ့လာခဲ့သည်။ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်တွင် တာဝန် ထမ်းဆောင်ခဲ့ရာတွင် တစ်နှစ်အတွင်း ရှီကျင့်ဖိန်သည် တစ်ပြည်နယ်လုံးရှိ မြို့၊ခရိုင်နှင့် မြို့နယ် ၉၀ သို့ သွားရောက် လေ့လာကြည့်ရှုခဲ့သည်။


၂၀၁၂ခုနှစ်မှစ၍ တရုတ်ပါတီနှင့် နိုင်ငံတော် ထိပ်သီးခေါင်းဆောင် တစ်ဦးအနေနှင့် ရှီကျင့်ဖိန်သည် ဖခင်၏ သွန်သင်ဆုံးမမှုကို စွဲစွဲမြဲမြဲ မှတ်ထားသည်။ ၄င်းသည် နှစ်စဉ်နှစ်တိုင်းမှာ မိုးသက်လေပြင်း ပင်လျှင် အဟန့်အတား အနှောင့်အယှက် မဖြစ်စေနိုင်ဘဲ တောတောင်လျှိုမြောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီး ဆင်းရဲမှု လျှော့ချရေး အကြောင်းကို ကွင်းဆင်း လေ့လာလေ့ရှိသည်။

မိသားစုသည် လူ့ဘဝတွင် ပထမဆုံး စာသင်ခန်း ဖြစ်သလို မိဘသည် ကလေးများ၏ ပထမဆုံး ဆရာ ဆရာမ ဖြစ်ကြောင်း ရှီကျင့်ဖိန်က ယူဆသည်။ ၄င်းစာသင်ခန်းတွင် ရှီကျင့်ဖိန်သည် မိဘ၏ အဖိုးတန်သည့် ဂုဏ်ရည်များကို သင်ယူရရှိခဲ့သည်။