အမေရိကန်ရဲ့ ကတိကဝတ်များ ဘယ်အချိန်မှာ လက်တွေ့ကျကျ ဖေါ်ဆောင်နိုင်မလဲ

(GMT+08:00)2022-06-15 16:53:31  



ဇွန်လ ၁၃ ရက်နေ့မှာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာ လုပ်ငန်းကော်မတီရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီက အမေရိကန် သမ္မတရဲ့ နိုင်ငံတော်လုံခြုံရေး လက်ထောက် စပ်လစ်ဗန်နဲ့ လူဇင်ဘတ်မှာ လေးနာရီကြာ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ သတင်းအရ နှစ်ဦးနှစ်ဖက်တို့က ပွင့်လင်း နက်ရှိုင်းပြီး အပြုသဘောဆောင်တဲ့ အမြင်ချင်း ကူးလူးဖလှယ်မှုများ ပြုလုပ်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ ရရှိခဲ့တဲ့ အရေးကြီး သဘောတူညီချက်များ ကောင်းမွန်စွာ ဖေါ်ဆောင်ရေးကို အဓိကအဖြစ်ထား၍ ထိတွေ့ ဆွေးနွေးမှု တိုးမြှင့်ရန်၊ အထင်လွဲမှားမှု လျှော့ချရန်၊ သဘောကွဲလွဲမှုများကို သင့်တော်စွာ စီမံထိန်းချုပ်ရန် သဘောတူခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုဟာ သော့ချက်ကျတဲ့ လမ်းဆုံ နေရာမှာ တည်ရှိနေပါတယ်။ လမ်းဆုံနေရာမှာ မူဝါဒ ဆုံးဖြတ်သူတွေက ဘယ်ကို သွားမလဲ ဆိုတာကို ဦးတည်ချက် သတ်မှတ်တယ်၊ လမ်းလျှောက်သူတွေက သတ်မှတ်တဲ့ ဦးတည်ချက်အတိုင်း လျှောက်လှမ်းတာ ဖြစ်တယ်။ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့က စောစောကပဲ သဘောတူညီချက် ရရှိထားခဲ့ပါပြီ။ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အပြန်အလှန် လေးစားရေး၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်း ဆောင်ရွက်ရေး အပါအဝင် မူသုံးရပ်ကို တင်ပြထားပြီး အမေရိကန်သမ္မတ ဘိုင်ဒန်က စစ်အေးတိုက်ပွဲ ပြုလုပ်ရန် မလိုလားကြောင်း၊ တရုတ်နိုင်ငံ စနစ်ကို ပြုပြင်ရန် မရှာကြံ ကြောင်း၊ မဟာမိတ်ဆက်ဆံမှုကို တိုးမြှင့်ပြီး တရုတ်ပြည်အား ဆန့်ကျင်ရန် မရှာကြံကြောင်း၊ ထိုင်ဝမ် သီးခြားတည်ရှိရေးကို မထောက်ခံကြောင်း၊ တရုတ်ပြည်နဲ့ ပဋိပက္ခ ဖြစ်ပွားရန်ကို မလိုလားကြောင်း အပါအဝင် ကတိပြုချက် လေးရပ်ကို အကြိမ်ပေါင်းများစွာ ဖေါ်ပြခဲ့ပါ တယ်။ အဲဒါတွေကတော့ နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့ရဲ့ သဘောတူညီချက်ပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တရုတ်နဲ့ အမေရိကန် ထိပ်သီးခေါင်းဆောင်တို့ရဲ့ အရေးကြီး သဘော တူညီချက်ဟာ ယခုအထိ အမေရိကန် ပြည်တွင်းမှာ လက်တွေ့ဖေါ်ဆောင်ခြင်း မရှိပါဘူး။ ဒီ့ထက်မက အမေရိကန်ဘက်ရဲ့ ဆောင်ရွက်မှုတွေဟာ အမေရိကန် ခေါင်းဆောင်ရဲ့ ကတိပြုချက်ကို ကျောခိုင်းဖောက်ဖျက်နေခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် ဆက်ဆံမှု တိုးတက်ရေးဟာ တရုတ်ပြည်ရဲ့ တစ်ဖက်သတ် တာဝန်ဝတ္တရား မဟုတ်သလို “အမေရိကန်က အနှောင့်အယှက်ပြု၊ တရုတ်ပြည်က တာဝန်ယူရ” ဆိုတဲ့ မညီမျှတဲ့ ပုံစံ ပိုမဟုတ်ပါဘူး။ လူအများ အာရုံစူးစိုက်နေတာကတော့ အမေရိကန်ရဲ့ ကတိကဝတ်များ ဘယ်အချိန်မှာ လက်တွေ့ကျကျ ဖေါ်ဆောင်နိုင်မလဲ ဆိုတာပဲ ဖြစ်တယ်လို့ China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။