ရှီကျင့်ဖိန်သည် ရုရှားသမ္မတပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-06-15 21:47:45  

     တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ဇူလိုင်လ ၁၅ ရက်နေ့ ညနေပိုင်းက ရုရှား သမ္မတပူတင်နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က ယခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုနှင့် ပြုပြင်ပြောင်းလဲမှု များကို ရင်ဆိုင်လျက် တရုတ်နှင့် ရုရှား ဆက်ဆံမှုသည် ကောင်းမွန်သော အရှိန်ဖြင့် တိုးတက်လာကြောင်း၊ နှစ်နိုင်ငံစီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာ တိုးတက်လာပြီး၊ ဟေဟို- ဘရာဂိုဗာဆီစ်က် ကားလမ်းတံတားကြီး စတင် အသုံးပြု ပြေးဆွဲ၍ နှစ်နိုင်ငံ အပြန်အလှန် ဆက်သွယ်ရေး လမ်းကြောင်းသစ်တစ်ခုကို ဖွင့်လှစ်ထားကြောင်း၊ တရုတ်နိုင်ငံသည် ရုရှားနှင့်အတူ နှစ်ဖက်အကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ရေရှည်တိုးတက်ရေးကို တွန်းအားပေးလိုပါကြောင်း၊ တရုတ် နိုင်ငံသည် အချုပ်အခြာအာဏာ၊ လုံခြုံရေး စသည့် အမြုတေကျသော အကျိုးစီးပွားနှင့် အရေးကြီး အကြောင်းကိစ္စများတွင် ရုရှားနှင့် အပြန်အလှန် ဆက်လက် ထောက်ခံပြီး နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လိုပါကြောင်း၊ ကုလသမဂ္ဂ၊ BRICS နိုင်ငံများ၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စသည့် အရေးကြီး နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အဖွဲ့အစည်းများ၌ ကူးလူးဆက်ဆံညှိနှိုင်းမှုများကို အားသစ် လောင်းပေးပြီး ထွန်းသစ်စဈေးကွက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ သွေးစည်း ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေး၍ နိုင်ငံတကာ အစီအစဉ်နှင့် နိုင်ငံတကာ စီမံ ခန့်ခွဲရေးကို ပိုမို တရားမျှတ၊ ပိုမို တရားနည်းလမ်းကျစွာ တိုးတက်စေရန် တွန်းအားပေးလို ပါကြောင်း ပြောကြားပါသည်။

ပူတင်က ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အားကောင်းသော ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ထူးချွန်သော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ရရှိပြီး ရုရှားသည် စိတ်ရင်းသန့်သန့်ဖြင့် ထောမနာ ပြုပါကြောင်း၊ ယခုနှစ်အတွင်း ရုရှားနှင့် တရုတ်နိုင်ငံ၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်စွာ တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံ၏ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ အဆိုပြုချက်ကို ရုရှားက ထောက်ခံပြီး မည်သည့် အင်အားစုမဆို ရှင်းကျန်း၊ ဟောင်ကောင်၊ ထိုင်ဝမ် စသည့် ရေးရာကို အကြောင်းပြုပြီး တရုတ် ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပြီး နိုင်ငံတကာ  multipolarization ကို တွန်းအား ပေးရန်နှင့် ပိုမိုတရားမျှတပြီး ပိုမိုတရားနည်းလမ်းကျသော နိုင်ငံတကာ အစီအစဉ် ထူထောင်ရန်အတွက် အပြုသဘောဆောင်သော ကြိုးပမ်းမှုများ ပြုလုပ်လိုကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့သည် ယူကရိန်းအရေးနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ယူကရိန်း အရေး၏ သမိုင်းကြောင်းဖြစ်စဉ်နှင့် အမှားအမှန်ဖြစ်ရပ်များမှ ကိုယ်ပိုင် အကဲဖြတ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာ စီးပွားရေး အစီအစဉ် တည်ငြိမ်ရေးကို တစ်လျှောက်လုံး တက်ကြွစွာ တွန်းအားပေးပါကြောင်း၊ ဘက်အသီးသီးတို့အနေနှင့် တာဝန်ယူသည့် အသွင်ပုံစံဖြင့် ယူကရိန်း အကျပ်အတည်းကို သင့်လျော်စွာ ဖြေရှင်းရန်ကို တွန်းအားပေး သင့်ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအတွက် ပြုလုပ်သင့်သော အကျိုးပြု စွမ်းဆောင်မှု များကို ပြုလုပ်လိုပါကြောင်း ပြောကြားခဲ့ပါသည်။