ဂျပန်၏ တရုတ်ပြည်ဆိုင်ရာ မူဝါဒ နောက်ဆုံး ရည်ရွယ်ချက် ထွက်ပေါ်လာပြီ

(GMT+08:00)2022-06-14 10:18:14  

၁၉ ကြိမ်မြောက် ရှန်ဂရီလာ ဆွေးနွေးပွဲကို ဒီလ ၁၂ ရက်နေ့က စင်ကာပူမှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ဂျပန် ဝန်ကြီးချုပ် ဖူမီအို ကီရှိဒါရဲ့ မိန့်ခွန်းဟာ တရုတ်ပြည်ကို တိုက်ရိုက် ရည်ညွှန်းတာ ဖြစ်ပြီး စစ်ရေး၊ စီးပွားရေး စတဲ့နယ်ပယ်များမှာ တရုတ်ပြည်နဲ့ ဘက်စုံ ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ဖို့ ဂျပန်ရဲ့ ရည်ရွယ်ချက်အစစ် ပေါ်ထွက်လာပြီလို့ ဂျပန် မီဒီယာက သုံးသပ်ဖေါ်ပြထားပါတယ်။

အဲဒါဟာ ဂျပန်က ဒုတိယအကြိမ်အဖြစ် ဝန်ကြီးချုပ်အဆင့်အရာရှိကို စေလွှတ်ပြီး ရှန်ဂရီလာ ဆွေးနွေးပွဲမှာ မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ဂျပန် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကလည်း တရုတ်ပြည်ကို တိုက်ရိုက် အမည်မဖေါ်ပြဘဲ သွယ်ဝိုက် ပြစ်တင် ထိုးနှက်ခဲ့ဖူးပါတယ်။ ရှင်ဇိုအာဘေးရဲ့ မိန့်ခွန်းနဲ့ နှိုင်းယှဉ်ရင် ဒီအကြိမ် ဖူမီအို ကီရှိဒါရဲ့ မိန့်ခွန်းမှာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတဲ့နယ်ပယ်များမှာ တရုတ်ပြည်ကို ရည်ညွှန်းပြီး ဆောင်ရွက်ချက်များ ပြုလုပ်ဖို့ ဝါဒဖြန့်တဲ့အပြင်၊ စစ်ရေး သုံးငွေ တိုးမြှင့်မယ်လို့ ကြေညာတဲ့တစ်ချိန်တည်းမှာ အခြား အာရှနိုင်ငံများအား တရုတ်ပြည်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်ဖို့လည်း သွေးထိုး လှုံ့ဆော်ခဲ့ပါတယ်။ ဂျပန် ကာကွယ်ရေး ဝန်ကြီး နိုဘူအို ကီရှီမာရဲ့ မိန့်ခွန်းကတော့ ဖူမီအို ကီရှိဒါ မိန့်ခွန်းနဲ့ ထပ်တူထပ်မျှ ဖြစ်ပြီး အထူးသဖြင့် ထိုင်ဝမ်ရေးရာမှာ စစ်ရေး ထိပ်တိုက် ရင်ဆိုင်မှု ပြုလုပ်ဖို့ သဘောထားကို ဖေါ်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ဂျပန်က အရှေ့တောင်အာရှနိုင်ငံများနဲ့ စစ်ရေး ကူးလူးဆက်ဆံမှု တိုးမြှင့်လိုကြောင်း၊ စစ်ရေး ထောက်ပံ့ကူညီမှုပေးလိုကြောင်း စတာတွေလည်း ပြောကြားပြီး တရုတ်ပြည်နဲ့ ထိပ်တိုက်ရင်ဆိုင်မှု ပြုလုပ်တဲ့ အသိုင်းအဝိုင်းငယ်ကို တိုးချဲ့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ ဆွေးနွေးပွဲမှာ ဂျပန်ရဲ့ အဲဒီရည်ရွယ်ချက်က အထ မမြောက်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီအကြိမ် ရှန်ဂရီလာ ဆွေးနွေးပွဲရဲ့ ထောက်ပံ့ ကျင်းပရေး အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ ဂျပန် ဟာစာနီ ရှင်ဘွန်း သတင်းစာက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ စစ်တမ်းကောက်ယူမှု ရလဒ်အရ အာဆီယံနိုင်ငံအများအပြားက တရုတ်နိုင်ငံဟာ အနာဂတ်မှာ ဂျပန်နဲ့ အမေရိကန်ကို ကျော်လွန်ပြီး ဒေသတွင်း အရေးအကြီးဆုံးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်မယ်လို့ ယူဆကြပါတယ်။

တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ခြင်းဟာ ခြိမ်းခြောက်မှု မဟုတ်ဘဲ အခွင့်အလမ်း ဖြစ်ပါ တယ်။ အဲဒါဟာ အာရှနိုင်ငံ အများစုရဲ့ သဘောတူညီချက်ဖြစ်ပြီး ဂျပန် နိုင်ငံရေး သမား တို့ရဲ့ သွေးထိုးကုန်းချောမှုကြောင့် ပြောင်းလဲမှာ မဟုတ်ကြောင်း China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။