Wei Fenghe က အမေရိကန်ကို တောင်းဆိုချက် လေးချက် တင်ပြ

(GMT+08:00)2022-06-13 09:59:17  

ဇွန်လ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ကာကွယ်ရေးဝန်ကြီး Wei Fenghe သည် ရှန်ဂရီလာဆွေးနွေးပွဲ၌ “ဒေသတွင်းလုပ်ငန်းစဉ်အပေါ် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်” ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။

တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် စပ်လျဉ်း၍ Wei Fenghe က အောက်ပါအတိုင်း ပြောကြားပါသည်။ လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေးသည် အရေးကြီးသော အနေအထားတွင်ရှိနေပြီး တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုး တိုးတက် ခြင်းသည် နှစ်နိုင်ငံနှင့် ကမ္ဘာကြီး၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီသည်ဟု တရုတ်နိုင်ငံက ယူဆပါသည်။

တရုတ်နှင့် အမေရိကန်တို့သည် ကမ္ဘာပေါ်ရှိ အရေးပါသော နိုင်ငံကြီးများဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုနှင့် ခွဲခွာလို့ မရပေ။ ထိပ်တိုက်ရင်ဆိုင်မှုသည် နှစ်နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ အကျိုး မရှိပေ။ တရုတ်နိုင်ငံသည် ပြိုင်ဆိုင်မှုဖြင့် တရုတ်-အမေရိကန်ဆက်ဆံရေးအား အဓိပ္ပါယ် သတ်မှတ်ခြင်းကို ဆန့်ကျင်ပါသည်။ တရုတ်နိုင်ငံကို ခြိမ်းခြောက်မှု၊ ပြိုင်ဘက် သို့မဟုတ် ရန်သူအဖြစ် သဘောထားပါက သမိုင်းဝင် ဗျူဟာမြောက် အမှားကို ကျူးလွန်ပါလိမ့်မည်။ ကျွန်ုပ်တို့သည် အမေရိကန်အား အောက်ပါအတိုင်း တောင်းဆိုပါသည် -

တရုတ်နိုင်ငံကို တိုက်ခိုက်ခြင်း၊ အမည်ဖျက်ခြင်း မပြုပါနှင့်

တရုတ်နိုင်ငံကို တားဆီးခြင်း၊ ဖိနှိပ်ခြင်း မပြုပါနှင့်

တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုပါနှင့်

တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို မထိခိုက်ပါနှင့်

သို့မှသာ တရုတ်-အမေရိကန်ဆက်ဆံရေးသည် ကောင်းမွန်နိုင်မည်။ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် အလွန် ရှင်းလင်းတိကျပါသည်။ တွေ့ဆုံဆွေးနွေးမည်ဆိုပါက အပြန်အလှန်လေးစားပါမည်၊ အပြန်အလှန်ထိတွေ့ဆက်ဆံမည်ဆိုပါက ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ပါမည်၊ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အပြန်အလှန်အကျိုးဖြစ်ထွန်းရမည်၊ ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက အဆုံးအထိ ရင်ဆိုင်သွားပါမည်။

တပ်မတော်နှစ်ရပ်သည် မဟာဗျူဟာမြောက် အပြန်အလှန်ယုံကြည်မှုကို မြှင့်တင် သင့်ပြီး နားလည်မှုလွဲမှားခြင်း၊ မှားယွင်းဆုံးဖြတ်ခြင်းတို့ကို ရှောင်ရှားသင့်ပါသည်။ အန္တရာယ်နှင့် အကျပ်အတည်းများကို စီမံထိန်းချုပ်ပြီး ပဋိပက္ခများကို တားဆီးသင့်ပါသည်။ တရုတ်နိုင်ငံသည် အမေရိကန်နှင့် ပုံမှန်တည်ငြိမ်၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံကြီးအကြား ဆက်ဆံရေး ထူထောင်နိုင်ရန် မျှော်လင့်ပြီး နိုင်ငံတော်၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာ ကိုလည်း ပြတ်ပြတ်သားသား ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။