ယင်းသည် တရုတ်ပြည် နိုင်ငံခြား ကုန်သွယ်ရေး၏ အားကောင်းသော ရေရှည်ခိုင်မာမှု ဖြစ်

(GMT+08:00)2022-06-10 11:29:37  

တရုတ် အကောက်ခွန်ရုံးချုပ်မှ ယခုလ ၉ရက်နေ့က ထုတ်ပြန်ခဲ့သော နိုင်ငံခြား ကုန်သွယ်ရေး နောက်ဆုံးစာရင်းအရ ယခုနှစ် မေလတွင် တရုတ်ပြည်၏ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၅၃၇့၇၄ဘီလီယံရှိပြီး ၁၁့၁ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းအနက် ပို့ကုန် တိုးနှုန်းမှာ ၁၆့၉ရာခိုင်နှုန်း ရှိပြီး သွင်းကုန် တိုးနှုန်းမှာ ၄ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ကပ်ရောဂါ၏ ဂယက်ရိုက်ခတ်မှု ခံရသည့် အခြေအနေမျိုးတွင် ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး ပမာဏ တိုးပွားမှုကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့ခြင်းမှာ မလွယ်ပါ။ ယင်းသည် တရုတ်ပြည် နိုင်ငံခြား ကုန်သွယ်ရေး၏ အားကောင်းသော ရေရှည်ခိုင်မာမှုနှင့် နာလန်ပြန်ထူ နိုင်စွမ်းကို ကမ္ဘာအား နောက်ထပ် ပြသနေသည်။

နယ်သာလန် နိုင်ငံတကာ ကုမ္ပဏီ အုပ်စုINGက တရုတ်ပြည်၏ ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေး ထိရောက်မှု ဆက်တိုက်ရှိပြီး တစ်ကမ္ဘာလုံးတွင် ဝယ်လိုအား ဆက်တိုက် အားကောင်းလာမည် ဆိုလျှင် ယခုနှစ်တွင် တရုတ်ပြည်၏ ပို့ကုန် ပမာဏ တိုးနှုန်းမှာ ၁၅ရာခိုင်နှုန်း အကောင်အထည်ဖော်ဆောင်ရန် အလားအလာရှိကြောင်း အကဲဖြတ် သုံးသပ်သည်။

အဘယ်ကြောင့် နိုင်ငံခြား စီးပွားရေး အကဲဖြတ်သုံးသပ်သူများသည်တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်ရေး အပေါ် ဒီလောက်ကြီးမားသည့် ယုံကြည်မှု ရှိသနည်း။ ပထမ အချက်က တရုတ်ပြည်သည် ကမ္ဘာ့ ထောက်ပံ့ရေး ကွင်းဆက်တွင် သော့ချက်ကျသော ကွင်းဆက် ဖြစ်၍ တရုတ်ထုတ်ကုန်ပစ္စည်း အပေါ် တစ်ကမ္ဘာလုံးမှ ဝယ်လိုအား ဆက်တိုက် အားကောင်းခြင်းကြောင့် ဖြစ်သည်။ သက်ဆိုင်ရာ စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ မေလ အထိ တရုတ်ပြည်မှ အကြီးဆုံး ကုန်သွယ်ဖက် အာဆီယံသို့ ပို့ကုန် ပမာဏမှာ တရုတ် ယွမ်ငွေ ဘီလီယံ ၁၃၅၀ ရှိပြီး ၁၂ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ဒုတိယ အကြီးဆုံး ကုန်သွယ်ဖက် ဥရောပ သမဂ္ဂသို့ ပို့ကုန် တိုးနှုန်းမှာ ၁၇့၎ရာခိုင်နှုန်း ရှိကြောင်း၊ တတိယ အကြီးဆုံး ကုန်သွယ်ဖက် အမေရိကန်သို့ ပို့ကုန် တိုးနှုန်းမှာ ၁၂့၉ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

ဒုတိယ အချက် ကတော့ တရုတ် စီးပွားရေး ရေရှည် ကောင်းမွန်သည့် အခြေခံ အခြေအနေ ပြောင်းလဲမှု မရှိခြင်း အပေါ် နိုင်ငံခြား စီးပွားရေး အကဲဖြတ် သုံးသပ်သူများသည်ယုံကြည်မှု ထားရှိခြင်းကြောင့် ဖြစ်သည်။ မကြာခင်က ရှန်ဟိုင်းနှင့် ပီကင်း အပါအဝင် တရုတ် ဒေသ အသီးသီးတို့သည် ကပ်ရောဂါ၏ ထိခိုက်မှု ခံရသော ကုမ္ပဏီများအား ကူညီထောက်ပံ့ရန် အတွက် စီးပွားရေး တည်ငြိမ်စေခြင်း မူဝါဒနှင့် ဆောင်ရွက်ချက်များကို ထုတ်ပြန်ကျင့်သုံးခဲ့သည်။ ယင်းမူဝါဒနှင့် ဆောင်ရွက်ချက်များ အကျိုးဖြစ်ထွန်းလာသည်နှင့် အမျှ ဈေးကွက်တွင် ပါဝင်ဆောင်ရွက်သူများ၏ ရှင်သန်မှုကို ထိရောက်စွာ တိုးပွားစေမည် ဖြစ်သည်။

တရုတ်ပြည်သည် စီးပွားရေး တည်ငြိမ်ရှင်သန်စွာ ဖွံ့ဖြိုးတိုးတက်ရန် ထိန်းသိမ်းထားနိုင်စွမ်း ရှိပြီး ထိန်းသိမ်းထားရန် အခြေအနေလည်း ရှိသည်။ တရုတ်ပြည်သည် ကမ္ဘာ ထောက်ပံ့ရေး ကွင်းဆက်ကို တည်ငြိမ်စေပြီး ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူလာနိုင်အောင် တွန်းအားပေးရန် အတွက် သော့ချက် ကျသော အင်အား ဆက်လက် ဖြစ်မည် ဖြစ်သည်။ အချိန်သည် ယင်းအချက်ကို သက်သေပြမည် ဖြစ်သည်။