ရှန်ဟိုင်းမြို့ ကုန်ထုတ်လုပ်မှု ဘက်စုံ ပြန်လည် စတင်

(GMT+08:00)2022-06-02 10:43:05  

 ကိုဗစ်-၁၉ ကူးစက်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး အခြေအနေ ဆက်တိုက် ကောင်းမွန်လာတာနဲ့အမျှ ဇွန်လ ၁ ရက်နေ့ကစပြီး ရှန်ဟိုင်းမြို့ ကုန်ထုတ်လုပ်မှုများ ဘက်စုံ ပြန်လည် စတင်လာပါပြီ။

   တရုတ်ပြည်ရဲ့ စက်မှု၊ ကုန်သွယ်မှုနဲ့ ငွေကြေး ဗဟိုချက်မမြို့၊ ကုန်ထုတ်လုပ်မှုရဲ့ အရေးကြီးနေရာနဲ့ တစ်ကမ္ဘာလုံးမှာ ကုန်သေတ္တာ တင်ချမှုပမာဏ အများဆုံးသော ဆိပ်ကမ်းမြို့အဖြစ်နဲ့ ရှန်ဟိုင်းမြို့ ကုန်ထုတ်လုပ်မှု ဘက်စုံပြန်လည် စတင်ခြင်းဟာ တရုတ်ပြည်သူများ စောင့်မျှော်နေတာသာမကဘဲ တစ်ကမ္ဘာလုံးက စောင့်မျှော် နေတာ လည်း ဖြစ်ပါတယ်။ ရှန်ဟိုင်းမြို့မှာ ကုန်ထုတ်လုပ်မှု ပြန်လည် စတင်ခြင်းဟာ နိုင်ငံတကာ ကုန်စည်ဖြန့်ဖြူးမှုကွင်းဆက် တိုးတက်ကောင်းမွန်ခြင်းကို တွန်းအားပေးနိုင်မှာ ဖြစ်ကြောင်း၊ တရုတ် စားသုံးမှု ဈေးကွက်များ ဦးမော့လာခြင်းဟာ နိုင်ငံတကာလုပ်ငန်းကုမ္ပဏီများရဲ့ အကျိုးဖြစ်ထွန်းမှုများကို တွန်းအားပေးနိုင်မှာဖြစ်ကြောင်း ဈေးကွက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက သုံးသပ်ကြပါတယ်။

  ဧပြီလ လလယ်ပိုင်းကစပြီး ရှန်ဟိုင်းမြို့မှာ အသုတ် သုံးသုတ်ခွဲပြီး အရေးကြီးတဲ့ နိုင်ငံခြား ကုန်သွယ်မှုဆိုင်ရာ ကုမ္ပဏီများနဲ့ နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံတဲ့ ကုမ္ပဏီများ ကုန်ထုတ်လုပ်မှု ပြန်လည် စတင်ခြင်းကို တွန်းအားပေးခဲ့ပါတယ်။ မေလ ၂၉ ရက်နေ့ အထိ ပထမအသုတ် ကုမ္ပဏီ ၁၄၂ ခုရဲ့ ကုန်ထုတ်လုပ်မှု ပြန်လည် လည်ပတ်မှုနှုန်းဟာ ၉၁ ရာခိုင်နှုန်း ရှိပါပြီ။ လူအများ အာရုံစူးစိုက်ကြတဲ့ Tesla ရှန်ဟိုင်း စူပါစက်ရုံကပဲ ပထမ အသုတ် အမည်စာရင်းထဲမှာ ပါဝင်ပြီး လက်ရှိအချိန်မှာ ကုန်ထုတ်လုပ်မှု ပမာဏဟာ ရှန်ဟိုင်းမှာ ရောဂါ ကူးစက်မှု မဖြစ်ပွားခင်ကပမာဏနဲ့ တူညီပြီ ဖြစ်ပြီး ဒီလအတွင်း ဘက်စုံ ပုံမှန် ပြန်လည် လည်ပတ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

   ရှန်ဟိုင်းမြို့မှာ ကျင့်သုံးနေတဲ့ တက်ကြွတဲ့ မူဝါဒတွေဟာ နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံတဲ့ ကုမ္ပဏီများ လုပ်ငန်းပြန်လည် လည်ပတ်ရေးအတွက် အထောက်အကူပြုတဲ့အပြင် နိုင်ငံခြားမှ ငွေရင်းမြှုပ်နှံသူများရဲ့ တရုတ်ဈေးကွက်အပေါ် ယုံကြည်စိတ်ကိုလည်း တိုးလာစေပါတယ်။ တရုတ်အစိုးရမှ ထုတ်ပြန်တဲ့ အချက်အလက်အရ ဒီနှစ် ပထမ လေးလအတွင်း တရုတ်နိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိတဲ့ လုပ်ငန်းစဉ်ကြီး ၁၈၅ ခု အသစ် တိုးလာပြီး နေ့စဉ် ပျမ်းမျှ နိုင်ငံခြား ရင်းနှီး မြှုပ်နှံတဲ့ လုပ်ငန်းစဉ်ကြီး ၁့ ၅ ခု ရှိပါတယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။