ကန်နှင့်သြစတြေးလျ စသည့် နိုင်ငံများသာ တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများ၏ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုအပေါ် စိုးရိမ်မှုရှိ

(GMT+08:00)2022-06-01 13:51:17  

မေလ ၃၀ ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဒုတိယအကြိမ် တရုတ်-ပစိဖိတ် ကျွန်းနိုင်ငံများ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးထံသို့ စာဖြင့် အမှာစကား ပြောကြားရာတွင် တရုတ်နှင့် ပစိဖိတ် ကျွန်းနိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှု အောင်ကျိုးရလဒ်များစွာ ရရှိပြီး ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန် အကျိုးရှိစေရေးအတွက် စံနမူနာ ဖြစ်လာပြီ ဖြစ်ကြောင်း ချီးကျူးခဲ့သည်။

ထိုနေ့က ဖီဂျီနိုင်ငံတွင် ကျင်းပခဲ့သော ဒုတိယအကြိမ် တရုတ်-ပစိဖိတ် ကျွန်းနိုင်ငံများ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး၌ အရေးကြီး သဘောတူညီချက်များစွာ ရရှိပြီး တရုတ်နှင့် သက်ဆိုင်ရာ နိုင်ငံများ၏ ဆက်ဆံမှုတွင် အားကောင်းသော ရှင်သန်မှုရှိခြင်းကို ပြဆိုနေသည်။ တရုတ်ပြည်က ဆင်းရဲမှု လျှော့ချရေး၊ ရာသီဥတု ပြောင်းလဲမှု၊ သဘာဝ ဘေးဒဏ် ကြိုတင်ကာကွယ်ရေး၊ လယ်ယာစိုက်ပျိုးရေး အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းသစ် ၆ ခုကို ပစိဖိတ် ကျွန်းနိုင်ငံများနှင့် အတူ ဖန်တီးလိုကြောင်း ကြေညာခဲ့သည်။ ယင်းသည် ပစိဖိတ်ကျွန်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်နှင့် ကိုက်ညီသည်။ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော ပစိဖိတ်ကျွန်းနိုင်ငံများနှင့် အပြန်အလှန် လေးစားခြင်းနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး သဘောထား ရပ်တည်ချက်ဆိုင်ရာ စာတမ်းတွင် ပူးပေါင်းဆောင်ရွက်ရေး အမြော်အမြင်များကို တင်ပြပြီး တရုတ်ပြည်နှင့် ပစိဖိတ် ကျွန်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန်အတွက် တွန်းအားပေးမှုသစ်ကို ဖော်ဆောင် ပေးသည်။

ပစိဖိတ် ကျွန်းနိုင်ငံများသည် အခြားနိုင်ငံ၏ နောက်ဖေးခြံဝင်း မဟုတ်ဘဲ အချုပ်အခြာ အာဏာပိုင်မှု ရှိသော နိုင်ငံများ ဖြစ်ကြသည်။ ပစိဖိတ် ကျွန်းနိုင်ငံများသည် နိုင်ငံကြီးများအကြား ကစားမှု အတွက် လက်ကိုင်တုတ်လည်း မဖြစ်သင့်ပါ။ အမေရိကန်နှင့် သြစတြေးလျ စသည့် နိုင်ငံများသည် အာရှနှင့် ပစိဖိတ်ဒေသတွင် အသိုင်းအဝိုင်းငယ်ကို ဖွဲ့စည်းတည်ထောင်ပြီး ခုခံယှဉ်ပြိုင်မှုကို သွေးထိုးလှုံ့ဆော် နေသည်။ သို့သော် တစ်ချိန်တည်းတွင် တရုတ်ပြည်သည် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ဆောင်ရွက်နေသည်။ ယင်းသည် အာရှနှင့် ပစိဖိတ် အေးချမ်းတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသော ထိန်းသိမ်းကာကွယ်မှု ဖြစ်ပြီး နိုင်ငံကြီးနှင့် နိုင်ငံငယ်အကြား တန်းတူညီမျှစွာ ပေါင်းသင်းဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ကာ အတူ အောင်မြင်မှု ရရှိနိုင်ခြင်းကို ပြဆိုနေသည်။