တရုတ်-ဆွစ်ဇာလန် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်သည် တစ်နိုင်ငံအပေါ် တစ်နိုင်ငံ၏ ပေးကမ်းစွန့်ကြဲမှု မဟုတ်ဘဲ အပြန်အလှန် အကျိုးရှိစေသည့် စာချုပ်ဖြစ်သည်ဟု တရုတ်ဆို

(GMT+08:00)2022-05-31 15:18:14  

ယခုလ ၃၀ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကျင်းပခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်က ဆွစ်ဇာလန် အစိုးရသည် တရုတ်-ဆွစ်ဇာလန် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်ကို အဆင့်တိုးမြှင့်ရန် အစဉ်တစိုက် ရှာကြံနေကြောင်း၊ သို့သော် ယင်းစာချုပ် အဆင့် တိုးမြှင့်ခြင်းသည် ဆွစ်ဇာလန်မှ တရုတ်ပြည်၏ လူ့အခွင့်အရေးကို ဝေဖန်ခြင်းကြောင့် ဘေးဖယ်ထားခြင်း ခံရကြောင်း၊ တရုတ်ဘက်မှ ယင်းကိစ္စနှင့် ပတ်သက်၍ မည်သို့ ဝေဖန်သုံးသပ်ချက် ရှိသနည်းဟု မေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျော့လိကျန်းက ၂၀၁၄ ခုနှစ်က တရုတ်-ဆွစ်ဇာလန် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်ကို စတင် အကောင်အထည် ဖော်ဆောင်ခဲ့သည့် နောက်ပိုင်းတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် အလွန်ကြီးမားသော အကျိုးများကို လက်တွေ့ဆောင်ကြဉ်းလာကြောင်း၊ ၄င်းစာချုပ် အဆင့်တိုးမြှင့်ခြင်းသည် နှစ်နိုင်ငံအကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့အလားအလာကို တစ်ဆင့်တိုး ဖော်ထုတ်ရန်နှင့် ကိုဗစ် ၁၉ ကပ်ရောဂါ အခြေအနေမျိုးတွင် နှစ်နိုင်ငံ၏ စီးပွားရေး နာလန်ပြန်ထူခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းကို တွန်းအားပေးရန်အတွက် အကျိုးရှိကြောင်း၊ သို့သော် အလေးထားပြောချင်သည့် အချက် တစ်ချက်မှာ  တရုတ်-ဆွစ်ဇာလန် လွတ်လပ်သော ကုန်သွယ်ရေး စာချုပ်သည် တစ်နိုင်ငံအပေါ် တစ်နိုင်ငံ၏ ပေးကမ်းစွန့်ကြဲမှု မဟုတ်ဘဲ အပြန်အလှန် အကျိုးရှိစေသည့် စာချုပ်ဖြစ်ကြောင်း၊ တရုတ်ပြည်သည် စာချုပ် အဆင့်တိုးမြှင့်ရန်ကို မြင်လိုကြောင်း၊ ဆွစ်ဇာလန်ဘက်မှ သက်ဆိုင်ရာ အနှောင့်အယှက်ပေးမှုကို ဖယ်ရှားပြီး တရုတ်ပြည်နှင့် လက်တွဲ ကြိုးပမ်းကြရန် မျှော်လင့်ကြောင်းလည်း ပြောကြားသည်။