ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိ Bachelet ၏ တရုတ်ပြည်ခရီးစဉ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး မာကျောင်ရှုက သတင်းထောက်နှင့်တွေ့ဆုံ

(GMT+08:00)2022-05-29 14:33:40  

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိ Michelle Bachelet သည် မေလ နှောင်းပိုင်းတွင် တရုတ်နိုင်ငံသို့ ခရီးလှည့်လည်ခဲ့သည်။ ယခုလ ၂၈ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး မာကျောင်ရှုက သတင်းထောက်များအား တွေ့ဆုံပြီး Bachelet ၏ တရုတ်ပြည်ခရီးစဉ်အကြောင်းကို ရှင်းလင်းမိတ်ဆက်ခဲ့ပါသည်။

တရုတ်အစိုးရ၏ဖိတ်ကြားချက်အရ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အဆင့်မြင့်အရာရှိ  Bachelet သည် မေလ ၂၃ ရက်နေ့မှ ၂၈ရက်နေ့ အထိ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ကြောင်း၊ ကွမ်ကျိုးမြို့တွင် Bachelet သည် တရုတ်နိုင်ငံ၏ အခြေခံဒီမိုကရေစီဖြစ်ရေး၊ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လူ့အခွင့်အရေး အသိပညာပေးရေး လုပ်ငန်းများကို လည်ပတ်ကြည့်ရှုခဲ့ကြောင်း၊ ရှင်းကျန်းတွင်ရှိနေစဉ်အတွင်း ရှင်းကျန်း၏ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့် အစွန်းရောက်မှု တိုက်ဖျက်ရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမျိုးရေးနှင့်ဘာသာရေး ကာကွယ်မှု၊ အလုပ်သမား အခွင့်အရေး ကာကွယ်ရေး စသည့် ရှင်ကျန်း၏အစီအမံများနှင့်အောင်မြင်မှုများကို Bachelet အားကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း မိတ်ဆက်ပေးခဲ့ကြောင်း၊ Bachelet သည် ခါးရှ်မြို့နှင့် အူလူမုချီမြို့သို့ သွားရောက်လည်ပတ်ပြီး တိုင်းရင်းသားလူမျိုးစုများ၊ ကျွမ်းကျင်ပညာရှင်များ အပါအဝင် အလွှာပေါင်းစုံနှင့်ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း မာကျောင်ရှုက ပြောကြားပါသည်။

နောက်ဆုံးတွင် မာကျောင်ရှုက လူ့အခွင့်အရေး ကာကွယ်ရေးသည် အကောင်းဆုံးမရှိ၊ ပိုကောင်းသည်သာရှိကြောင်း၊ တရုတ်နိုင်ငံသည် ကိုယ့်နိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် လူ့အခွင့်အရေးဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဦးလည်မသုန် ဆက်လက်လျှောက်လှမ်းပြီး ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး အပါအဝင် ဘက်အသီးသီးတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။