သေနတ်ပစ်ခတ်မှုတွင် အသက်ဘယ်လောက် ဆုံးရှုံးဆုံးရှုံး၊ အမေရိကန် နိုင်ငံရေး သမားများ၏ ပင်ကိုယ်အသိဥာဏ်ကို နှိုးဆော်နိုင်သလဲ။

(GMT+08:00)2022-05-26 15:29:00  

ဒေသ စံတော်ချိန် ယခုလ ၂၄ရက်နေ့က အမေရိကန် Texasပြည်နယ် Uvaldeမြို့ Robbမူလတန်းကျောင်းတွင် ဆိုးရွားသော သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သောကြောင့် ယခုအထိ ကလေး ၁၉ယောက် အပါအဝင် လူ ၂၀ကျော် သေဆုံးခဲ့ရသည်။

ယင်းသည် လူအများကို တုန်လှုပ်စေပြီး ယူကျုံးမရဖြစ်စေသည့် ဘေးဆိုးဖြစ်ပြီး ၂၀၁၂ခုနှစ်က Connecticutပြည်နယ် Sandy Hookမူလတန်းကျောင်းတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်း၌ အမေရိကန်တွင် လူအများဆုံး သေဆုံးစေသည့် ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ဖြစ်သည်။

အကျိုးအမြတ်ကို ရည်ရွယ်ခြင်း မဟုတ်သော အဖွဲ့အစည်း Gun Violence Archiveမှ စာရင်းအရ Sandy Hookမူလတန်းကျောင်း သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် အမေရိကန်၌ လူ၎ဦး(သို့)၄ဦးထက်မနည်း သေကျေအနာတရဖြစ်စေသည့် သေနတ်ပစ်ခတ်မှု ၃၅၀၀ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ သေနတ်အကြမ်းဖက်မှုသည် အမေရိကန်တွင် ဖြေရှင်းရခက်သော လူမှုရေး ပြဿနာ ဖြစ်လာပြီ ဖြစ်သည်။

အမေရိကန် တရားရေး ဝန်ကြီးဌာနမှ မကြာခင်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ၂၀၀၀ပြည့်နှစ်မှ ၂၀၂၀ပြည့်နှစ် အထိ အမေရိကန် သေနတ် ထုတ်လုပ်မှု ကုမ္ပဏီများမှ အရပ်ဘက် ဈေးကွက်သို့ ရောင်းချရန် သေနတ် ထုတ်လုပ်မှု စုစုပေါင်း ပမာဏမှာ ၁၃၉သန်းရှိကြောင်း သိရသည်။ အပေါ်ယံကြည့်လျှင် အမေရိကန်တွင် သေနတ်ထိန်းချုပ်မှု ပြုလုပ်ရန် ခက်ခဲသည့် အကြောင်းရင်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ဒုတိယ ပြင်ဆင်ရေး ဥပဒေတွင် သတ်မှတ်ထားသော ပြည်သူများ၏ သေနတ်ပိုင်ဆိုင်ခွင့်ကြောင့် ဖြစ်သည်။ အမှန်တကယ်တော့ ယင်းသည် အမေရိကန်၏ နိုင်ငံရေး ပါတီများ အကြား ယှဉ်ပြိုင်တိုက်ခိုက်မှု၊ အကျိုးအမြတ်အုပ်စုများ၊ လူမျိုးရေး ခွဲခြားမှု စသည့် ပြဿနာများနှင့် ပတ်သက်သည်။ အထူးသဖြင့် အမေရိကန် နိုင်ငံရေးက ဆန္ဒမဲနှင့် ငွေကြေး အတွက် ဝန်ဆောင်မှု ပေးသည့် အတွင်းသရုပ်သည် သေနတ်ထိန်းချုပ်မှု ဖြစ်စဉ်ကို အခက်အခဲနှင့် အတားအဆီးများ ဖြစ်စေသည်။

နိုင်ငံရေးနှင့် လူမှုရေး ဆိုင်ရာ ကွဲပြားလာခြင်းသည် သေနတ် အကြမ်းဖက်မှု ပျံ့နှံ့လွှမ်းမိုးသည့် အခြား အဓိက အကြောင်းရင်းလည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ကျော် အတွင်း ဒီမိုကရက်တစ်နှင့် ရီပါဘလစ်ကင် ပါတီ ၂ခုသည် သေနတ် ထိန်းချုပ်မှု ပြဿနာတွင် သဘောကွဲလွဲမှု များစွာ ရှိသောကြောင့် အမေရိကန် လွှတ်တော်သည် မည်သည့် အရေးကြီးသော ပြည်ထောင်စု သေနတ် ထိန်းချုပ်ရေး ဥပဒေကိုမျှ အတည်ပြု ပြဋ္ဌာန်းခြင်း မရှိပါ။

သို့သော် အရင်းခံအကြောင်းရင်းမှာ အမေရိကန် နိုင်ငံရေး သမားများမှ ပြည်သူများ၏ အသက်ရှင် နေထိုင်ခွင့် အပေါ် လျစ်လျူရှုခြင်းကြောင့် ဖြစ်သည်။ ယင်းသည် အမေရိကန် ပုံစံ လူ့အခွင့်အရေး အပေါ် ဇောက်ထိုးစကားပင် ဖြစ်ပြီး အမေရိကန် ပုံစံ ဒီမိုကရေစီပါ ချွတ်ယွင်းချက်များကို ရောင်ပြန်ထင်ဟပ်ချက်လည်း ဖြစ်သည်။ သေနတ်ပစ်ခတ်မှုတွင် အသက်ဘယ်လောက် ဆုံးရှုံးဆုံးရှုံး၊ အမေရိကန် နိုင်ငံရေး သမားများ၏ ပင်ကိုယ်အသိဥာဏ်ကို နှိုးဆော်နိုင်သလဲ။