အကြမ်းဖက်မှုကို အလှဆင် ပြောပေးတဲ့ BBC တို့ဟာ “မုသားစကား ဖန်တီးစက်” ဖြစ်လာနေပြီ

(GMT+08:00)2022-05-19 10:20:22  

   ပြီးခဲ့တဲ့ ရက်နှစ်ဆယ်ကျော်က ပါကစ္စတန် ကာရာချီ တက္ကသိုလ် ကွန်ဖြူးရှပ် တရုတ် ဘာသာစကားသင်ကျောင်းရဲ့ ကျောင်းကားမှာ အကြမ်းဖက် တိုက်ခိုက်မှု ခံခဲ့ရသဖြင့် တရုတ်ဆရာ ဆရာမ သုံးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌက ဒီအကြမ်းဖက်မှုကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချကြောင်း ဖေါ်ပြ ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်က BBC ကတော့ အင်တာဗျူးသတင်းတစ်ခုကို ထုတ်ပြန်ပြီး ကာရာချီ အကြမ်းဖက်မှု ပြုလုပ်သူများကို အလှဆင် ပြောဆိုပြီး ၄င်းတို့ရဲ့ အကြမ်းဖက် ဆောင်ရွက်မှုအတွက် အကြောင်းပြချက် ရှာကြံဖို့ ကြိုးစားခဲ့ပါတယ်။

  အနောက်နိုင်ငံများမှာ သြဇာညောင်းမှုရှိတဲ့ မီဒီယာကြီးတစ်ခုအဖြစ်နဲ့ BBC ဟာ အကြမ်းဖက်သမားများကို ထောက်ခံတဲ့စကား ပြောပေးတဲ့ လုပ်ရပ်ဟာ “သတင်း လွတ်လပ်မှု” ဆိုပြီး ပြီးသွားနိုင်တာ မဟုတ်ပါဘူး။ အဲဒီလုပ်ရပ်ဟာ အကျင့်တရားရဲ့ အောက်ဆုံးမျဉ်းကို ကျော်လွန်တဲ့၊ နိုင်ငံတကာ ကျင့်ဝတ်တရားကို ကျောခိုင်း ဖောက်ဖျက် တဲ့၊ ဆိုးသွမ်းတဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဖက်ကို ရောက်သွား ခဲ့ပါတယ်။ ပြင်သစ် အင်တာနက် သုံးစွဲသူ တစ်ဦး ပြောသလိုပဲ အကြမ်းဖက်သမားများကို ကောင်းတာ သို့မဟုတ် ဆိုးတာကို မျိုးခွဲချင်တဲ့ ကြံဆမှု မှန်သမျှ အားလုံး အကြမ်းဖက်မှုကို ထောက်ခံတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

   BBC အပါအဝင် အနောက်နိုင်ငံမီဒီယာများက အကြမ်းဖက်သမားများအတွက် အမည်းကို အဖြူဖြစ်အောင် ပြောပေးခြင်းဟာ အချိန်အကြာကြီး ရှိနေပါပြီ။ သူတို့ဟာ ရေတွက်လို့မရတဲ့ မုသားစကားများကို လုပ်ကြံဖန်တီးခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်များက အနောက် နိုင်ငံများရဲ့ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားရန် လိုအပ်ချက်နဲ့ အညီ အနောက် မီဒီယာများက တရုတ်ပြည်အား အိုးမည်းသုတ်တဲ့ သတင်းအတု အများအပြားကို ဖြန့်ခဲ့ ကြတယ်။ သူတို့ဟာ “သတင်းလွတ်လပ်ရေး စံနှစ်မျိုးထားခြင်း”၊ “လူ့အခွင့်အရေး စံနှစ်မျိုးထားခြင်း”၊ “အကြမ်းဖက်မှု တိုက်ဖျက်ရေး စံနှစ်မျိုးထားခြင်း” စတာတွေကို ပြုလုပ်ပြီး ပထဝီနိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှုကို သွေးထိုးလှုံ့ဆော်တဲ့ ကိရိယာ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးတဲ့ ကြံရာပါနဲ့ “မုသားစကား ဖန်တီးစက်” ဖြစ်လာနေပြီ ဖြစ်ကာ နိုင်ငံတကာ မိသားစုကြီးမှ ပြစ်တင်ရှုတ်ချမှု ခံသင့်တယ်လို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။