ကူးစက်ရောဂါသည် တရုတ်ပြည် စီးပွားရေး တည်ငြိမ်စွာ တိုးတက်ရေးအရှိန်ကို ပြုပြင် ပြောင်းလဲ နိုင်မည် မဟုတ်

(GMT+08:00)2022-05-17 15:53:47  

ဒီလ ၁၆ ရက်နေ့မှာ တရုတ်နိုင်ငံတော် စာရင်းအင်း ဦးစီးဌာနက ဒီနှစ် ဧပြီလအတွင်း အဓိက စီးပွားရေး စာရင်းများကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစာရင်းများအရ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ဈေးကွက်အတိုင်းအတာဆိုင်ရာ အားသာချက်များ ထင်ရှားနေမြဲ ဖြစ်ပြီး စီးပွားရေး တည်ငြိမ်စွာ တိုးတက်ရေး အရှိန်ကောင်းကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။ ဥပမာ ပြောရရင် ဧပြီလအတွင်း ဒေသအချို့မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါရဲ့ ထိခိုက် ဂယက်ရိုက်ခတ်မှု ခံခဲ့ရပေမယ့် တစ်ပြည်လုံးကို ခြုံပြီး ကြည့်ရင် အဓိက ကုန်ထုတ်လုပ်မှု ကိန်းညွှန်းများ မြင့်နေပါသေးတယ်။ စားသုံးကုန် လက်လီရောင်းချမှု စုစုပေါင်းပမာဏဟာ ယွမ် ဘီလီယံ ၂၉၀၀ ရှိပါတယ်၊ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏဟာ ယွမ် ဘီလီယံ ၃၂၀၀ ရှိပါတယ်။ သံမဏိ ထုတ်လုပ်မှု စုစုပေါင်း ပမာဏဟာ တန်ချိန် သန်း ၁၁၀ ရှိပြီး ကျောက်မီးသွေး ထုတ်လုပ်မှု ပမာဏဟာ တန်ချိန် သန်း ၃၆၀ ရှိပါတယ်။

တစ်ချိန်တည်းမှာ တရုတ်ပြည် စီးပွားရေး အရည်အသွေးကောင်းမွန်စွာ တိုးတက်ရေး အရှိန်လည်း ပြောင်းလဲခြင်း မရှိပါဘူး။ ကူးစက်ရောဂါကို ရင်ဆိုင်လျက် ဆန်းသစ် တီထွင်ရေး လုပ်ငန်းများဟာ ခိုင်ခံ့စွာ တိုးတက်လာပြီး၊ ဒစ်ဂျစ်တယ်၊ သတင်း အချက်အလက်နဲ့ အင်တက်လစ်ဂျင့် လုပ်ငန်းများ အဆင့်မြှင့်တင်ရေး အရှိန်ကောင်း ကိုလည်း ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။ ဧပြီလအတွင်း အတိုင်းအတာ အသင့်အတင့် ရှိတဲ့ အဆင့်မြင့် နည်းပညာ ကုန်ထုတ်မှုလုပ်ငန်းများရဲ့ တိုးတက်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကထက် ၄ ရာခိုင်နှုန်း တိုးလာပါတယ်။ ဇန်နဝါရီလမှ ဧပြီလအထိ အဆင့်မြင့် နည်းပညာ လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ပြီးခဲ့တဲ့နှစ် အလားတူ အချိန်ပိုင်း ကထက် ၂၂ ရာခိုင်နှုန်း တိုးလာပါတယ်။ အီးကုန်သွယ်ရေး လက်လီရောင်းချမှု စုစုပေါင်း ပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက် ၅့ ၂ ရာခိုင်နှုန်း တိုးလာပါတယ်။ သိပံ္ပနည်းပညာ ဖွံ့ဖြိုးမှုဟာ တရုတ်ပြည် စီးပွားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနဲ့ အဆင့်မြှင့်တင်ရေးအား အဆက်မပြတ် တွန်းအားပေးနေပါတယ်။

ကူးစက်ရောဂါဟာ တရုတ်ပြည် စီးပွားရေး တည်ငြိမ်စွာ တိုးတက်ရေးအရှိန်ကို ပြောင်းလဲ ပြုပြင်နိုင်မှာ မဟုတ်ပါဘူး၊ တရုတ်ပြည်ရဲ့ တံခါးဖွင့်ရေး တိုးချဲ့ဖို့၊ ကမ္ဘာကြီးနဲ့ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးဖို့ သန္နိဋ္ဌာန် ကိုလည်း ပြောင်းလဲ ပြုပြင်နိုင်မှာ မဟုတ်ဘူးလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။