ရှီကျင့်ဖိန်သည် ဟူနန်ပြည်နယ် ချန်ရှားမြို့ အရပ်သူအရပ်သား ကိုယ်တိုင် တည်ဆောက်ထားသောအိမ်တိုက် ပြိုကျမှုနှင့် ပတ်သက်၍ အရေးကြီးသောညွှန်ကြားချက်ကိုထုတ်ပြန်

(GMT+08:00)2022-05-01 18:28:59  

ဧပြီလ ၂၉ ရက်နေ့ ၁၂ နာရီ ၂၄ မိနစ်အချိန်တွင် တရုတ်နိုင်ငံဟူနန်ပြည်နယ် ချန်ရှားမြို့ ကျင်ဖိန် လူနေရပ်ကွက်ရှိ အရပ်သူအရပ်သား ကိုယ်တိုင်တည်ဆောက်ထားသော အိမ်တိုက် ပြိုကျခဲ့သောကြောင့် လူဆယ်ပေါင်းများစွာ ပိတ်မိခဲ့သည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပိတ်မိနေသူများအား အစွမ်းကုန် ရှာဖွေကယ်ဆယ်ပြီး ဒဏ်ရာရသူများကို အစွမ်းကုန် ကုသပေးရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း ကိုယ်တိုင်ဆောက်ထားသောအိမ်များ ပြိုကျမှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပြီး လူသေကျေဒဏ်ရာရရှိမှု များစွာ ဖြစ်စေကာ ယင်းကို အထူးဂရုပြုရမည်ဖြစ်ကြောင်း၊ မတော်တဆမှုကြီးများ မဖြစ်ပွားစေရန် ပြတ်ပြတ်သားသား တားဆီးကာကွယ်ပေးပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုနှင့် လူမှုဘဝတည်ငြိမ်အေးချမ်းရေးတို့ကို ထိရောက်စွာ ကာကွယ်ပေးရမည်ဖြစ်ကြောင်း အရေးကြီးညွှန်ကြားချက်ကို ချက်ချင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေး၊ ဒဏ်ရာရသူများအား ကုသရေးနှင့် မတော်တဆမှု အကြောင်းရင်း စုံစမ်းစစ်ဆေးရေးတို့ကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။