တရုတ်နိုင်ငံသည် အာကာသစခန်းကို လူသားကံကြမ္မာတူ အသိုက်အဝန်းကို တွန်းအား ပေးရေးဆိုင်ရာ ပလက်ဖောင်းအဖြစ် တည်ဆောက်လိုသည်

(GMT+08:00)2022-04-18 10:47:05  

  ယခုလ ၁၆ ရက်နေ့တွင် တရုတ် ရှင်ကျိုး-၁၃ လူပါ အာကာသယာဉ်၏ မော်ကျူး သည် ကမ္ဘာမြေသို့ ချောမောအောင်မြင်စွာ ဆင်းသက်ခဲ့ပါသည်။

အစီအစဉ်အရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် အာကာသ ပျံသန်းမှု လုပ်ငန်း တာဝန် ၆ ကြိမ်ကို ဖေါ်ဆောင်မည်ဖြစ်ပြီး ကမ္ဘာပတ်လမ်းကြောင်းတွင် တရုတ် အာကာသစခန်း ဆောက်လုပ်ရေးလုပ်ငန်းကို ပြီးမြောက်အောင် ဆောင်ရွက်မည် ဖြစ်သည်။

တရုတ် လူပါ အာကာသလုပ်ငန်း ရုံးဥက္ကဋ္ဌ ဟော်ချွင်က တရုတ်နိုင်ငံသည် ယခုနှစ် မေလတွင် ထျန်းကျိုး-၄ ကုန်တင် အာကာသယာဉ်ကို လွှတ်တင်မည် ဖြစ်ပြီး ဇွန်လတွင် ရှင်ကျိုး-၁၄ လူပါ အာကာသယာဉ်ကို လွှတ်တင်မည် ဖြစ်ကာ၊ အောက်တိုဘာလတွင် အာကာသစခန်း၏ မုန့်ထျန်း အာကာသ စမ်းသပ်ယာဉ်ကို လွှတ်တင်မည် ဖြစ်ကြောင်း၊ ထို့နောက်လည်း ထျန်းကျိုး-၅ ကုန်တင် အာကာသယာဉ်နှင့် ရှင်ကျိုး-၁၅ လူပါအာကာသ ယာဉ် လုပ်ငန်းကို ဖေါ်ဆောင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဟော်ချွင်က လာမည့်နှစ်တွင် တရုတ်နိုင်ငံ၏ ပထမဦးဆုံးသော အကြီးစား အာကာသ ကင်းလှည့်ရေး အဝေးကြည့်မှန်ပြောင်းကို လွှတ်တင်ရန် စီစဉ်ထားကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်ပြီး ဟော်ချွင်က တရုတ်နိုင်ငံသည် အာကာသစခန်းကို လူသားကံကြမ္မာတူ အသိုက်အဝန်းကို တွန်းအားပေးရေးဆိုင်ရာ ပလက်ဖောင်းအဖြစ် တည်ဆောက်လိုကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။