ကုလသမဂ္ဂက ဘာဖြစ်လို့ တရုတ် အာကာသစခန်းကို “မွန်မြတ်တဲ့ စံနမူနာ” လို့ ခေါ်သလဲ

(GMT+08:00)2022-04-17 10:51:52  

  ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီမှာ တရုတ် ရှင်ကျိုး-၁၃ လူပါ အာကာသယာဉ် မော်ကျူးက ကမ္ဘာမြေသို့ အောင်မြင်စွာ ဆင်းသက်ခဲ့ပါတယ်။ အာကာသ ယာဉ်မှူး သုံးဦးက အာကာသမှာ ၁၈၃ ရက်ကြာ နေခဲ့ပြီးနောက် ကမ္ဘာမြေသို့ ပြန်လာခဲ့ကြပါတယ်။

ရှင်ကျိုး-၁၂ က ကမ္ဘာလုံးကို ၁၁ ပတ် ပတ်လည်ပျံသန်းပြီး တစ်ရက်ကျော် အချိန်ယူပြီး ကမ္ဘာမြေသို့ ပြန်လည် ဆင်းသက်လာခဲ့တဲ့ ဖြစ်စဉ်နဲ့ နှိုင်းစာရင် ရှင်ကျိုး-၁၃ ကတော့ ကမ္ဘာလုံးကို ငါးပတ် ပတ်လည်ပျံသန်းပြီး သုံးလေးငါးနာရီနဲ့ပဲ ကမ္ဘာမြေသို့ ပြန်လည် ဆင်းသက်လာခဲ့တယ်။ အဲဒါဟာ ကမ္ဘာမြေပေါ်မှာ မြို့ချင်း ခရီးသွားတဲ့ အချိန် ထက်တောင် ပိုတိုတောင်းပြီး နည်းပညာဆိုင်ရာ ထိုးဖောက်တိုးတက်မှုဟာ အံ့ဖွယ်ရာပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

၁၉၉၂ ခုနှစ်မှာ တရုတ်နိုင်ငံက လူပါအာကာသလုပ်ငန်း ခြေလှမ်း သုံးလှမ်း ဖွံ့ဖြိုး တိုးတက်ရေး ဗျူဟာများကို ချမှတ်ခဲ့တဲ့နောက်ပိုင်း တရုတ်နိုင်ငံဟာ ကိုယ်ပိုင် ဆန်းသစ်တီထွင်မှုကို တစ်လျှောက်လုံး စွဲကိုင် ဆောင်ရွက်ပြီး တစ်ချိန်တည်းမှာ ရုရှား၊ ဂျပန်၊ ဥရောပ စတဲ့နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ ချမှတ်ထားတဲ့ ဦးတည်ရည်မှန်းချက်အတိုင်း ခြေလှမ်းမှန်မှန် ချီတက်လာပါတယ်။

ယနေ့မှာ ရှင်ကျိုး-၁၃ လူပါ အာကာသ လုပ်ငန်း အောင်မြင်တာနဲ့ အမျှ တရုတ် အာကာသစခန်းဟာ တည်ဆောက်ရေး အဆင့်ကာလသို့ ဝင်ရောက်မှာ ဖြစ်ပြီး တန်ချိန် ၆၀ မှ ၁၈၀ အထိ အဆင့် ဖြစ်တဲ့ အမြဲတမ်း အကြီးစား အာကာသစခန်းကို ကိုယ်ပိုင် တည်ဆောက်မှာ ဖြစ်ကာ နှစ်ပေါင်းများစွာ ပြီးနောက် အဲဒီ အာကာသစခန်းဟာ ကမ္ဘာပတ် လမ်းကြောင်းမှာရှိတဲ့ တစ်ခုတည်းသော အာကာသစခန်း ဖြစ်နိုင်မယ်လို့ သိရပါတယ်။ အဲဒါဟာ တရုတ်လူမျိုးက ရရှိတဲ့ အရေးကြီး သိပံ္ပနည်းပညာ အောင်မြင်မှုသာမက လူသားတစ်ရပ်လုံးက ပူးပေါင်းဆောင်ရွက်ပြီး အာကာသ စူးစမ်းလေ့လာရေး အဆင့်ကာလသစ်ရဲ့ စတင်ခြင်းလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံ ၁၇ နိုင်ငံ၊ အုပ်စု ၂၃ ခုတို့မှ လုပ်ငန်းစဉ် ၉ခုဟာ တရုတ် အာကာသစခန်း သိပံ္ပပညာ စမ်းစပ်မှုရဲ့ ပထမအသုတ် စာရင်းဝင် လုပ်ငန်းစဉ်တွေ ဖြစ်လာပါပြီ။ ကုလသမဂ္ဂ အာကာသဟင်းလင်းပြင်ရေးရာရုံးဥက္ကဋ္ဌ စီမော်နေတာ ဒီပီပို က တရုတ်နိုင်ငံက အာကာသစခန်းကို တံခါးဖွင့်ခြင်းဟာ ကုလသမဂ္ဂရဲ့ “တစ်ကမ္ဘာလုံးက အာကာသကို အတူ မျှဝေရေး” ကမ်းလှမ်းချက်ရဲ့ အရေးကြီး အစိတ်အပိုင်း ဖြစ်ပြီး မွန်မြတ်တဲ့ စံနမူနာ တစ်ခု ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာရေးသားဖေါ်ပြထားပါတယ်။