• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စွဲလမ်းစရာ တရုတ်ပြည်ရဲ့အရသာ အပိုင်း(၁)--ရှီးအန်းမြို့ရဲ့အစားအစာများ

(GMT+08:00) 2013-06-24 15:27:33

သမိုင်းသက်တမ်း နှစ်ပေါင်း (၃၁၀၀)ကျော် ရှည်လျားတဲ့ ရှီးအန်းမြို့ဟာ တရုတ်ပြည်သမိုင်းမှာ မင်းဆက်(၁၃)ဆက်တိုင်တိုင် ထီးနန်းစိုးစံခဲ့တဲ့မြို့တော်ဟောင်းဖြစ်ပါတယ်။ မြေအောက် စစ်ရုပ်တုဗိမါန်၊ တာ့ယန့် စေတီပုထိုး အပါအဝင် ကမ္ဘာမှာ နာမည်ကျော် ရှေးဟောင်း ယဉ်ကျေးမှု ထွန်းကားရာနေရာများ ရှိတဲ့အပြင် ဆိတ်သားဟင်းခါး၊ ဆန်ပြားသုပ်၊ ဝက်သားမုန့်ညှပ်၊ ကောက်ညှင်းမုန့်၊ တည်သီးမုန့်၊ ဝက်သားလုံးဟင်းချိုချဉ်စပ် စတဲ့ အရသာ တမူထူးခြားတဲ့ အစားအစာ အမျိုးမျိုးအဖုံဖုံရှိလို့ အနယ်နယ် အရပ်ရပ်က ခရီးသည်တွေကို ဆွဲဆောင်နေပါတယ်။ အဲဒိအစားအစာတွေကနေ ရှီးအန်းမြို့ရဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းတွေကို တစ်စေ့တစ်စောင်း ပြန်လည် လေ့လာ သိရှိနိုင်ပါတယ်။

အစီအစဉ်မစခင်မှာပဲ အပိုင်း(၃)နဲ့ဆိုင်တဲ့ မေးမွန်း(၂)ခုကို အရင်ပြောပြထာ်းပါမယ်။

၁။ စန်ရှီးပြည်နယ်က နာမည်ကြီးအစားအစာတွေကိုဖေါ်ပြပါ။

၂။ စန်ရှီး ဆန်ပြားသုပ်ကို ဘာနဲ့လုပ်ပါသလဲ။

အသက်(၈၀)ပြည့်တော့မယ့် ဖိုးကျန်းဟာ ရှီးအန်းမှာမွေး၊ ရှီးအန်းမှာကြီးပြင်းလာတဲ့ ရှီးအန်းသား တစ်ယောက်ပါ။ ဆိတ်သားဟင်းခါးဆို တစ်သက်လုံးစားနေပေမဲ့ စားမဝနိုင်သေးဘူးလို့ သူပြောပါတယ်။ ဆိုစမှတ်အရ စုန့်မင်းဆက်ခေတ်ရဲ့ ပထမဆုံးဘုရင် ကျောက်ခွမ်းရင့် ဘုရင်မဖြစ်ခင်တုန်းကပေါ့၊ တစ်နေ့ မှာတော့ သူဟာ ချမ်အန်းမြို့ကိုရောက်ရှိခဲ့ပါတယ်။ အဲဒိအချိန်မှာ ရာသီဥတုကအေး၊ ဗိုက်ကလည်းဆာ၊ ဗိုက်ဆံလည်း မရှိတဲ့သူ့မှာ မုန့်တစ်လုံးပဲပါလို့ ခပ်မာမာ မုန့်ဖတ်ကြီးကိုပဲ ဝါးစားလိုက်ရတော့တာပေါ့။ လမ်းဘေး ဆိတ်သားဟင်းချိုဆိုင်က ဖိုးဖိုးတစ်ယောက်က သူ့ကိုသနားလို့ ဆိတ်သားဟင်းချို တစ်ပန်းကန်ကိုခပ်ပြီး သူ့ကိုတိုက်ပါတယ်။ ကျောက်ခွမ်းရင့်က သူ့မှာရှိတဲ့ မုန့်ဖတ်မာမာကြီးကို ဟင်းချိုထဲဖဲ့ထည့်ပြီး ပူပူနွေးနွေး စားလိုက်ပြီးနောက် ချက်ချင်းဆိုသလို အားပြန်ရှိလာကာ စိတ်ပျက်စရာတွေမေ့ပျောက်သွားကာ အားကျိုးမာန်တက်နဲ့ ခရီးဆက်နှင်ခဲ့ပါတယ်။ ဘုရင်ဖြစ်လာပြီးတဲ့ နောက် ကျောက်ခွမ်းရင့်ဟာ ကမ္ဘာပေါ်က အကောင်းဆုံး စားကောင်းသောက်ဖွယ်တွေကို အကုန် စားဘူးပေမယ့်  အဲဒိဆိတ်သားဟင်းချိုကိုပဲ စိတ်ထဲမှာစွဲလမ်းနေပါတယ်။ ဒီတော့ နန်းတွင်း စားဖိုမှူးတွေကို အမိန့်တော်ချပြီး ကြိမ်ဖန်ပေါင်းများစွာ စမ်းသပ်ချက်စေခဲ့ပြီးနောက် အခုလိုနာမည်ကြီးတဲ့ ဆိတ်သားဟင်းခါး ဖြစ်လာပါတယ်။

ဖိုးကျန်းကဒီလိုပြောပါတယ်၊ နာမည်အကြီးဆုံးကတော့ ဆိတ်သားဟင်းခါးပေါ့၊ နောက်ပြီး ဆန်ပြားသုပ်ရယ်၊ ဝက်သားမုန့်ညှပ်ရယ်၊ အဲဒါတွေအားလုံးက ရှီးအန်းရဲ့ ထူးခြားတဲ့ ဒေသစာတွေပေါ့၊ မင်းဆက်(၁၃)ဆက်ရဲ့ မြို့တော်ဖြစ်ဖူးခဲ့ပြီး တစ်ခြားဘယ်နေရာမှာမှ မရှိတဲ့အစားအစာတွေ ဒီမှာ အကုန် ရှိပါတယ်လို့ ပြောပါတယ်။

ဆိတ်သားဟင်းခါးက အရသာ ချိုမြိန်ပြီး လတ်လတ်ဆတ်ဆတ်ရှိတဲ့အပြင် အစာအိမ်အတွက် ကောင်းပြီး အဆာခံနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ရှီးအန်းမြို့ဟာ တိရာစ္ဆာန် ထိန်းကျောင်းရာ နယ်မြေနဲ့နီးလို့ အမဲသား၊ဆိတ်သားတွေကို အဓိကစားကြပါတယ်။ ဆိတ်သားဟင်းခါးထဲမှာ နူးပြီး အိနေတဲ့အသားတွေနဲ့ ဟင်းရည်ခပ်ပျစ်ပျစ်ကို မုန့်ဖတ်နဲ့အတူတူသောက်လိုက်ရရင် ရနံ့မွှေးကြိုင်ပြီး အီခြင်း၊ပြုခြင်းလုံးဝမရှိဘဲ သောက်လို့အရမ်းကောင်းပါတယ်။ ဒါကြောင့် ရှီးအန်းကိုရောက်လာတဲ့ ပြည်တွင်းပြည်ပခရီးသည်တိုင်းက ဆိတ်သားဟင်းခါးကို မစားမဖြစ်စားရတဲ့ အစားအစာတစ်မျိုး ဖြစ်လာ ပါတယ်။

ရှီးအန်းမြို့က နာမည်ကြီး မွတ်စလင်စားသောက်ဆိုင်တန်းမှာဖြစ်ပါတယ်။ ကျောင်းသားနှစ်ယောက် ဟာ ရထားပေါ်ကဆင်းဆင်းချင်း အဲဒိနေရာကိုတန်းပြီးသွားပါတယ်။ ဆိတ်သားဟင်းခါး၊ ဝက်သား မုန့်ညှပ်၊ စန်ရှီးဆန်ပြားသုပ်၊ ကော်ရည်ခေါက်ဆွဲချဉ်စပ် စတဲ့နာမည်ကြီးအစားအစာတွေကို တစ်ခုမှ မကျန် ရလေအောင်အားလုံးစားပစ်မယ်လို့လည်း ကြွေးကြော်ပြီးသွားကြတာတဲ့လေ။ 

ရှေးတုန်းကပုံပြင်တစ်ပုဒ်ကိုပြောပြပါမယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀)ကျော်တုန်းကပေါ့။ တစ်နှစ် မှာတော့ စန်ရှီးပြည်နယ်မှာမိုးခေါင်ရေရှားဖြစ်လေတော့ ပြည်သူတွေကရိက္ခာခွန်ကိုမဆောင်နိုင်ကြပါဘူး။ အဲဒီအချိန်မှာ လီရှီအယ့် လို့ ခေါ်တဲ့လူတစ်ယောက်ဟာ ဆန်ကိုကြိတ်ကာ မုန့်ပြားပေါင်းပြီး ချင်းရှီဟွမ်း ဘုရင်ကို ဆက်သခဲ့ပါတယ်။ ဆန်မုန့်ပြားကိုစားပြီး ဘုရင်ကဝမ်းသာလွန်းလို့ ရိက္ခာခွန်ကို လုံးဝ လွတ်ငြိမ်းစေတဲ့အပြင်၊ နေ့တိုင်းနေ့တိုင်းသူစားနိုင်အောင် အဲဒိလူကိုချက်ခိုင်းခဲ့ပါသတဲ့။ 

ဆန်ပြားသုပ်ကို ဆန်မုန့် ဒါမှမဟုတ် ဂျုံမုန့်နဲ့လုပ်တာဖြစ်ပြီး အဟာရဓါတ်အမျိုးမျိုးရှိတဲ့အပြင် နွေရာသီလို ပူအိုက်နေတဲ့အချိန်မှာ တစ်ပန်းကန်လောက်စားလိုက်ရရင် အပူဓါတ်ကျစေနိုင်ပြီး တစ်ကိုယ်လုံး အေးသွားနိုင်စေပါတယ်။

စန်ရှီးပြည်နယ်မှာ "ထူးဆန်းတဲ့အရာ(၈)ခု"ရှိတဲ့အထဲမှာ "ကိုခွေ"မုန့်ဟာလည်း တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ အဲဒီ "ကိုခွေ"မုန့်ဆိုတာဟာ ဂျုံမုန့်ဖတ်ထဲကို အသားညှပ်ထားတဲ့ အစားအစာတစ်မျိုးပါ။ ပထမဦးဆုံး ဆီနဲ့ဂျုံမုန့်ကိုရောနှယ်ပြီး ဖေါင်းဖေါင်းလေးဖြစ်အောင် ဖုတ်ရပါတယ်။ ပြီးတော့ အဆီပါတဲ့ ဝက်သားတုံးလေးကို အဲဒိဖုတ်ထားတဲ့အထဲကိုထည့်ပါတယ်။ မုန့်ရဲ့အနားမှာထူပြီး လုံးဝပိတ်ထားတဲ့အတွက်ကြောင့် အရည်တွေလုံးဝယိုထွက်မလာပါဘူး။ စားလိုက်တာလည်း နူးညံ့နေတဲ့ အသားလေး၊ အခွံကြွတ်ကြွတ်လေးတွေကို ဟင်းရည်ရွှဲရွှဲနဲ့စားလိုက်ရတာဆိုတော့ အရသာမွှေးပြီး စိတ်ဘဝင်နှလုံး ပီတိဖုံးစေပါတယ်ရှင်။

ခေတ္တရှီးအန်းမြို့ရောက် ဗယ်နီဇွဲလားပညာရှင် အန်တိုနီအို မိုနီလာက၊ ရှီးအန်းမြို့ရဲ့ ဆွဲဆောင်မှု အရှိဆုံးနေရာကိုပြောရရင် အစားအစာတွေစားရင်းနဲ့ အဲဒီမြို့ရဲ့ နောက်ခံသမိုင်းကြောင်းကိုပါ သိရှိနိုင်တယ်လို့ဆိုပါတယ်။

 "အဲဒီနေရာဟာ တရုတ်ပြည်ရဲ့ ဗဟိုအချက်အချာတင်မကပါဘူး၊ တစ်ကမ္ဘာလုံးရဲ့ ဗဟိုအချက်အချာ လည်း ဖြစ်ခဲ့ဖူးပါတယ်၊ မရေတွက်နိုင်အောင်များပြားတဲ့ အစားအစာအမျိုးမျိုးကို အရမ်းကြိုက်ပါတယ်၊ တစ်ကယ်လို့အခွင့်ရှိရင် ရှီးအန်းမြို့ကိုထပ်လာချင်ပါသေးတယ်"လို့ အန်တိုနီအို မိုနီလာကပြောပါတယ်။

ကဲ၊ သောတရှင်များရှင်၊ ရှီးအန်းမြို့ရဲ့ အစားအစာတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကိုယ်တိုင်လာပြီး ခံစားနိုင်အောင် သောတရှင်းများကိုဖိတ်ခေါ်ချင်ပါတယ်။ အစီအစဉ်နောက်ဆုံးမှာ မေးခွန်းတွေကိုထပ်ပြီး ကြေညာပါမယ်။ မေးခွန်း(၁)၊ စန်ရှီးပြည်နယ်က နာမည်ကြီးအစားအစာတွေကိုဖေါ်ပြပါ။ မေးခွန်း(၂)၊ စန်ရှီး ဆန်ပြားသုပ်ကို ဘာနဲ့လုပ်တာပါသလဲ။ သောတရှင်များရှင်၊ ဒီနေ့ စွဲလမ်းစရာ တရုတ်ပြည်ရဲ့ အရသာ အပိုင်း(၃)ကို ဒီတင်ပဲရပ်နားလိုက်ပါမယ်။ သောတရှင်များ ကျန်းမာချမ်းသာကြပါစေရှင်။

 

   Webradio