• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာပေါ်တွင် တရုတ်ပြည်၏ ဦးဆောင်မှုသည် အမေရိကန်ကို ကျော်လွန်

(GMT+08:00) 2019-03-15 16:42:34

အမေရိကန်ရှိ နာမည်ကျော်ကြားသည့် ပြည်သူ့ သဘောထား စစ်တမ်းကောက်ယူမှု အဖွဲ့ ဖြစ်သည့် Gallup၏ နောက်ဆုံးထုတ် ပြည်သူ့ သဘောထား ကောက်ယူမှု အစီရင်ခံစာတွင် နိုင်ငံအသီးသီး ပြည်သူများမှ တစ်ကမ္ဘာလုံးတွင် တရုတ်ပြည်၏ ဦးဆောင်မှု အပေါ် ထောက်ခံမှုနှုန်းမှာ ၃၄ရာခိုင်နှုန်းရှိပြီး အမေရိကန်၏ ဦးဆောင်မှု  အပေါ် ထောက်ခံမှုနှုန်းမှာ ၃၁ရာခိုင်နှုန်း ရှိကြောင်း၊ ယင်းသည် ၂၀၀၈ခုနှစ် နိုင်ငံတကာ ငွေကြေး အကျပ်အတည်း ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တစ်ကမ္ဘာလုံး၌ တရုတ်ပြည်၏ ဦးဆောင်မှုသည် အမေရိကန်ကို နောက်ထပ် ကျော်လွန်ခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် တစ်ကမ္ဘာလုံးတွင် အမေရိကန်၊ ရုရှားနှင့် ဂျာမဏီ၏ ဦးဆောင်မှုအား ရည်ရွယ်သော ပြည်သူ့ စစ်တမ်းကောက်ယူမှုကို နိုင်ငံနှင့် ဒေသ ၁၃၄ခုတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းအစီရင်ခံစာတွင် ဥရောပ၊ အာရှနှင့် အာဖရိက၌ တရုတ်ပြည် အပေါ် ကမ္ဘာ့ ဦးဆောင်သူ အဖြစ် အသိအမှတ်ပြုမှုနှုန်းသည် အမေရိကန်ကို ကျော်လွန်ကြောင်း၊ အာဖရိကတွင် တရုတ်ပြည် အပေါ် အသိအမှတ်ပြုမှုနှုန်းမှာ ၅၃ရာခိုင်နှုန်းရှိပြီး အများဆုံး ဖြစ်ကြောင်း သိရသည်။

လူအများသိကြသည့် အတိုင်း အမေရိကန်၏ ဒုတိယ အဆင့် ချေးငွေ အကျပ်အတည်းကြောင့် ၂၀၀၈ခုနှစ်က တစ်ကမ္ဘာလုံးသည် ဆိုးရွားသည့် ငွေကြေး အကျပ်အတည်းတွင် ကျရောက်ခဲ့ကြောင်း၊ သို့သော် ထိုနှစ်က တရုတ်ပြည်သည် ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှု နှစ်ပေါင်း၃၀ကြာ ကျင့်သုံးခြင်းနှင့် လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စီးပွားရေးကို ကယ်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အားကောင်းသော တွန်းအားပေးမှု ဖြစ်နိုင်ခဲ့ကြောင်း၊ ထိုနှစ်က Gallup၏ ပြည်သူ့ သဘောထား ကောက်ယူမှု ရလဒ်တွင် တစ်ကမ္ဘာလုံး၌ တရုတ်ပြည်၏ ဦးဆောင်မှုသည် အမေရိကန်ကို ပထမဆုံး အကြိမ် ကျော်လွန်ခဲ့သည်ဟု ဖော်ပြကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

လက်ရှိအချိန်တွင် နိုင်ငံတကာ အခြေအနေသည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၌  မကြုံစဖူး ကြီးမားသော ပြောင်းလဲမှုတွင် ရှိနေကြောင်း၊ နိုင်ငံ အသီးသီးတို့ အနေနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုအပ်သည့် အပြင်၊ မိမိနိုင်ငံ၏ ဝိသေသ ထူးခြားချက်နှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေး ပုံစံနှင့် အခွင့်ကောင်းများကို ရှာကြံရန်နှင့် နည်းယူလေ့လာရန် လိုအပ်သည့် အပြင်၊ အားကောင်းပြီး သွေးစည်းညီညွတ်မှု ရှိသော ဦးဆောင်မှုအင်အားကိုလည်း လိုအပ်ကြောင်း၊ ယင်းနှင့် ပတ်သက်၍ လူအများသည် တရုတ်ပြည် အပေါ် ထပ်မံ အာရုံစိုက်နေကြကြောင်း စီအာအိုင်က ဖော်ပြသည်။

မကြာခင် နှစ်များက တရုတ်ပြည်သည် "ဆန်းသစ်တီထွင်ရေး၊ ညီညွတ်ရေး၊ မြစိမ်းရောင်၊ ပွင့်လင်းမှု၊ အတူမျှဝေခံစားရေး" ဟူသော ဖွံ့ဖြိုးတိုးတက်ရေး ခံယူချက်သစ် များကို စွဲကိုင်ပြီး အတူညှိနှိုင်းဆွေးနွေးရေး၊ အတူတည်ဆောက်ရေးနှင့် အတူမျှဝေခံစားရေး ကို စည်းမျဉ်းများ အဖြစ် ထားကာ နိုင်ငံများ အတွက် အတိုင်းအတာ အကြီးမားဆုံးသော အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူအောင်မြင်မှု ရရှိရေးစသည့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို တည်ထောင်ပေးနိုင်ခဲ့ကြောင်း၊ ၁၂၃နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၉ခုတို့သည် တရုတ်ပြည်နှင့် Belt and Road ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း၊ ယင်းသည် ကမ္ဘာ့ စီမံခန့်ခွဲရေးတွင် ကြိုဆိုမှု အများဆုံး ရရှိနိုင်သော အများပြည်သူ့ ဝန်ဆောင်မှု ဖြစ်လာကြောင်း စီအာအိုင်က ဖော်ပြသည်။

အမေရိကန်ရှိ နာမည်ကျော်ကြားသည့် Brookings အဖွဲ့၏ ယမန်နှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာ တစ်ရပ်တွင် တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း အစီအစဉ်များသည် တစ်ကမ္ဘာလုံးတွင် သက်ညှာထောက်ထားမှု ရှိသော ဖွံ့ဖြိုးတိုးတက်မှု အတွက် အရံအတားများအား ရှင်းလင်းပစ်ပေးနိုင်ကြောင်း ဖော်ပြသည်။ တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များသည် ဒေသခံ စီးပွားရေး စည်ပင်သာယာမှုကို တိုးမြှင့်သည့် အပြင်၊ ဘေးပတ်ပတ်လည် ဒေသများ အတွက်လည်း အကျိုးရှိသည်ဟု ပညာရှင်များက ယူဆကြကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်ပြည်မှ တင်ပြသည့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အတူ အောင်မြင်မှု ရရှိရေးကို အမြုတေထားသော နိုင်ငံတကာ ဆက်ဆံရေးသစ်နှင့် လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး ဖြစ်သည့် ကမ္ဘာ့ စီမံခန့်ခွဲရေး ကြံဆချက်ကို နိုင်ငံတကာ မိသားစုကြီးမှ ကျယ်ပြန့်စွာ ကြိုဆိုကြကြောင်း၊ ယင်းသည် တစ်ကမ္ဘာလုံးတွင် တရုတ်ပြည် ဦးဆောင်မှု၏ အမြုတေ တန်ဖိုး ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio