• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗင်နီဇွဲလာမှ ပြည်နယ်မှူး ၄ ဦးကို အရေးယူမည်ဟု ကန် ကြေညာ

(GMT+08:00) 2019-02-26 11:11:56

        ယခုလ ၂၅ ရက်နေ့က အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဗင်နီဇွဲလားနိုင်ငံ ပြည်နယ် ၄ ခုမှ ပြည်နယ်မှူးများအား အရေးယူမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့ရာ အရေးယူမှု ခံရသော ပြည်နယ် ၄ ခုမှ ပြည်နယ်မှူးများသည် သမ္မတ မာဒူရိုကို ထောက်ခံပြီး "လူသားချင်း စာနာထောက်ထားရေး" ပစ္စည်းများ ဗင်နီဇွဲလားနိုင်ငံသို့ ဝင်ရောက်ခြင်းကို အတားအဆီး ပြုခဲ့ကြောင်း ပြောကြားသည်။

        အမေရိကန်ဥပဒေအရ အရေးယူမှုခံရသူများ၏ အမေရိကန်နိုင်ငံအတွင်းရှိ ငွေကြေးအပါအဝင် ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ထားပြီး အမေရိကန်နိုင်ငံသားများသည် ၄င်းနှင့် အရောင်းအဝယ် လုပ်ခွင့်မပြုကြောင်း သိရပါသည်။

        မကြာခင်ရက်များက အမေရိကန်ဘက်မှ ပေးအပ်သော "လူသားချင်း စာနာထောက်ထားရေး" ပစ္စည်းများသည် ကိုလံဘီယာ၊ ဘရာဇီးနိုင်ငံတို့၏ ဗင်နီဇွဲလားနိုင်ငံနှင့် နယ်စပ်ဒေသသို့ ရောက်ရှိပြီး ယင်းပစ္စည်းများကို ဗင်နီဇွဲလားနိုင်ငံထဲသို့ ပို့ဆောင်ရန် အမေရိကန်ဘက်က မျှော်လင့်သည်။ သို့သော် ဗင်နီဇွဲလားအစိုးရသည် အမေရိကန်နိုင်ငံမှ "လူသားချင်း စာနာထောက်ထားရေး" ပစ္စည်းများကို ငြင်းပယ်လိုက်ပြီး အမေရိကန်၏ ထောက်ပံ့မှုသည် စစ်ရေး စွက်ဖက်မှုအတွက် ပြင်ဆင်မှုဖြစ်သည်ဟု ပြစ်တင်ကာ အမေရိကန်နိုင်ငံအနေနှင့် ဗင်နီဇွဲလားနိုင်ငံအား အရေးယူမှုကို မပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ယခုလ ၂၃ ရက်နေ့က ဗင်နီဇွဲလား လွှတ်တော်ဥက္ကဋ္ဌ၊ အတိုက်အခံပါတီခေါင်းဆောင် ဂျူအန်-ဂွါအီဒိုသည် ကိုလံဘီယာနှင့် ဗင်နီဇွဲလားနယ်စပ်ဒေသမှတစ်ဆင့် ဗင်နီဇွဲလားနိုင်ငံသို့ အမေရိကန်နိုင်ငံမှ "လူသားချင်း စာနာထောက်ထားရေး" ပစ္စည်းများကို အတင်းအဓမ္မ ပို့ဆောင်ရန် ကြံစည်ခဲ့သော်လည်း ဗင်နီဇွဲလား စစ်ဘက် စောင့်ကြပ်ကာကွယ်ထားသော နယ်စပ်ဒေသကို မဖြတ်ကျော်နိုင်ခဲ့ကြောင်း သိရသည်။

        ဇန်နဝါရီလ ၂၃ ရက်နေ့က ဂွါအီဒိုသည် မိမိကို ယာယီသမ္မတအဖြစ် ကြေညာပြီး ဗင်နီဇွဲလားနိုင်ငံ၌ သမ္မတ ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် တောင်းဆိုခဲ့ကြောင်း၊ အမေရိကန်နှင့် အချို့ လက်တင်အမေရိက နိုင်ငံများသည် ၄င်းကို ထောက်ခံကြောင်း၊ မာဒူရိုအနေနှင့် သမ္မတနေရာမှ နှုတ်ထွက်ရန် ဖိအားပေးဖို့အတွက် အမေရိကန်ဘက်သည် မကြာခင်ရက်များအတွင်းတွင် ဗင်နီဇွဲလားနိုင်ငံအား အရေးယူမှုကို အဆင့်မြှင့်တင်ပြီး စစ်ရေးစွက်ဖက်မှု ပြုလုပ်နိုင်မည်ဟုလည်း ခြိမ်းခြောက် ပြောကြားခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio