• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြီးစီး၊ နှစ်ဖက်တို့ ဘုံအကျိုးစီးပွား တိုးပွားအောင် ဆက်လက် ကြိုးပမ်းရန် လိုအပ်

(GMT+08:00) 2019-02-25 18:07:56

သတ္တမ အကြိမ်မြောက် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အဆင့်မြင့် ညှိနှိုင်းဆွေးနွေးပွဲကို ယခုလ ၂၄ရက်နေ့က ကျင်းပပြီးစီးခဲ့ကြောင်း၊ ၄င်းညှိနှိုင်းဆွေးနွေးပွဲကို ၄ရက်ကြာ ကျင်းပခဲ့ကြောင်း၊ နှစ်ဖက်တို့သည် အာဂျင်တီးနား နိုင်ငံတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်တို့မှ ရရှိခဲ့သော အရေးကြီး သဘောတူညီမှုကို တစ်ဆင့်တိုး လက်တွေ့ ဖော်ဆောင်ပြီး သဘောတူ စာချုပ်တွင် ပါဝင်သော နည်းပညာ လွှဲပြောင်း ပေးရေး၊ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး၊ အခွန်မဟုတ်သည့် နယ်ပယ်များမှ အဟန့်အတားများ၊ ဝန်ဆောင်မှု၊ လယ်ယာစိုက်ပျိုးရေးနှင့် ငွေလဲလှယ်နှုန်း စသည့် အသေးစိတ် ပြဿနာများနှင့် ပတ်သက်၍ ဆွေးနွေးကာ အနှစ်သာရရှိသော တိုးတက်မှု ရရှိခဲ့ကြောင်း၊ ထို့အပြင်၊ အမေရိကန် သမ္မတ ထရန့်က Twitterတွင် မူလ စီစဉ်ထားသည့် မတ်လ ၁ရက်နေ့တွင် အမေရိကန်သို့ တရုတ်ပြည်မှ တင်ပို့သော ကုန်ပစ္စည်းများ၏ အခွန်ကို တိုးမြှင့်ရန် အစီအစဉ်ကို ရွှေ့ဆိုင်းမည် ဖြစ်သည်ဟု ကြေညာကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယခုအကြိမ် ဆွေးနွေးပွဲတွင် တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး အထစ်အငေါ့ ဖြေရှင်းရေး တွန်းအားပေးရန် အတွက် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်းကို နောက်ထပ် တက်လှမ်းခဲ့ကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲတွင် အနှစ်သာရရှိသော တိုးတက်မှု ရရှိနိုင်ခဲ့ခြင်းသည် နှစ်ဖက်တို့မှ ဘုံအကျိုးစီးပွား တိုးပွားစေရန် အတွက် အားထုတ် ကြိုးပမ်းမှုများနှင့် ခွဲမရကြောင်း၊ ယခုအကြိမ် ဆွေးနွေးပွဲတွင် ရရှိသော အောင်ကျိုး ရလဒ်များသည် အဓိကအားဖြင့် ကုန်သွယ်မှု ညီမျှစေရေးနှင့် ဖွဲ့စည်းပုံအတွင်းရှိ ပြဿနာများနှင့် ပတ်သက်ကြောင်း၊ ကုန်သွယ်မှု ညီမျှစေရေးတွင် တရုတ်ပြည် အနေနှင့် အမေရိကန်မှ လယ်ယာထွက်ကုန်၊ စွမ်းအင်ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု ကုန်ပစ္စည်းများကို တိုးချဲ့တင်သွင်းရန် ရှိခြင်းသည် တရုတ်ပြည် အပေါ် အမေရိကန်မှ ကုန်ပစ္စည်း ကုန်သွယ်မှု ဆိုင်ရာ လိုငွေပြမှု ပြဿနာကို ဖြေရှင်းရေး အတွက် အထောက်အကူ ဖြစ်ရုံသာမကဘဲ ကောင်းမွန်သည့် နေထိုင်မှု ဘဝ အပေါ် တရုတ်ပြည်သူများမှ လိုအပ်မှုကို ဖြည့်ဆည်း ရေးနှင့် တရုတ် ပြည်တွင်း လုပ်ငန်း ဖွဲ့စည်းပုံ အဆင့်တိုးမြင့်ရေး အတွက်လည်း အကျိုးရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး  ဖွဲ့စည်းပုံအတွင်းရှိ ပြဿနာနှင့် ပတ်သက်၍ အမေရိကန်မှ သက်ဆိုင်ရာ တောင်းဆိုချက်များတွင် ပါဝင်သော တရုတ် နိုင်ငံတော် အကျိုးစီးပွား၊ နိုင်ငံရေး ဆိုင်ရာ အတွေးအခေါ်နှင့် အယူအဆ၊ နိုင်ငံတော် လုံခြုံရေးနှင့် ပတ်သက်သော အချက်များမှလွဲ၍ အခြားအချက်များသည် တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲမှု ဇောက်ချပြုလုပ်ရေး၊ တံခါးဖွင့်မှု တိုးချဲ့ရေး၊ စီးပွားရေးကို ပိုမိုတရားနည်းလမ်းကျစွာဖြင့် ဖွံ့ဖြိုးတိုးတက်စေရေး၏ ဦးတည်ချက်နှင့် ကိုက်ညီကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုအကြိမ် ညှိနှိုင်းဆွေးနွေးပွဲတွင် နှစ်ဖက်တို့က နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များမှ ညွှန်ကြားချက်အရ နောက်တစ်ဆင့် လုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ရန် သဘောတူကြကြောင်း၊ တရုတ်ပြည် အနေနှင့် စိတ်ရင်းစေတနာဖြင့် ညှိနှိုင်းဆွေးနွေးခြင်း ကို ဆက်လက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း၊ အမေရိကန်သည် ဘုံအကျိုးစီးပွားကို တိုးပွားလာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် တရုတ်ပြည်က မျှော်လင့်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio