• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၉ ခုနှစ် နွေဦးပွဲတော် ပဒေသာကပွဲမှာ ရိုးရာဓလေ့နဲ့ နိုင်ငံတကာ ဖက်ရှင် ကျရာများ ရောနှောပေါင်းစပ်၊ ကမ္ဘာကြီးက တရုတ် ယဉ်ကျေးမှု နားလည်သိရှိဖို့ ပလက်ဖေါင်း ဖြစ်လာ

(GMT+08:00) 2019-02-05 09:01:18

တရုတ် နိုင်ငံတော် ရုပ်မြင်သံကြားဌာန စီစီတီဗီ ဦးစီး ပြုလုပ်တဲ့ နွေဦးပွဲတော် မိတ်ဆုံ ပဒေသာ ကပွဲကို နှစ်ပေါင်း ၃၀ ကြာ ဆက်တိုက် ပြုလုပ်ပြီ ဖြစ်ပြီး တရုတ် ရိုးရာ နွေဦးပွဲတော် အကြိုညမှာ မရှိမဖြစ် လိုအပ်တဲ့ အနုပညာပွဲကြီးပဲ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ပဒေသာကပွဲ တင်ဆက် ဖျော်ဖြေတဲ့ အစီအစဉ် တစ်ဆယ်ကျော်မှာ၊ တရုတ် ရိုးရာ ယဉ်ကျေးမှုနဲ့ နိုင်ငံတကာ ဖက်ရှင်ကျရာများ ရောနှောပေါင်းစပ်ပြီး ကမ္ဘာကြီးက တရုတ် ယဉ်ကျေးမှုကို နားလည် သိရှိဖို့ အရေးကြီး ပလက်ဖေါင်း ဖြစ်လာပါပြီ။

"ခေတ်သစ်သို့ ချီတက်ပြီး ချမ်းမြေ့သော နှစ်သစ် နွှဲပျော်ကြခြင်း" ဆောင်ပုဒ် ဖြစ်တဲ့ ဒီအကြိမ် ပဒေသာကပွဲမှာ၊ အဆိုအက၊ မျက်လှည့်၊ ဆပ်ကပ်၊ အော်ပရာ၊ ရိုးရာသိုင်း၊ ဟာသပြဇာတ်၊ ပြက်လုံး စတာတွေ တင်ဆက်ဖျော်ဖြေပြီး ရသမြောက်လှတယ်လို့ ဆိုနိုင်ပါတယ်။

ခြင်္သေ့အကဟာ နွေဦးပွဲတော် အကြိုည ပဒေသာကပွဲမှာ ခဏခဏ တင်ဆက်လေ့ ရှိတဲ့ အစီအစဉ် တစ်ရပ်ပဲ ဖြစ်တယ်။ ဒီနှစ် ခြင်္သေ့အကရဲ့ အမည်ဟာ "ခြင်္သေ့ တစ်ရာ နွေဦးပွဲတော် ကျက်သရေ မင်္ဂလာ သတင်းကောင်း လာပို့ခြင်း" ဖြစ်ပြီး အဲဒါဟာ အင်မတန် စည်ကားတဲ့ အစီအစဉ် တစ်ရပ်ပဲ ဖြစ်ပါတယ်။ ခြင်္သေ့အကမှာ ပါဝင် တင်ဆက်ဖျော်ဖြေသူ မစ္စတာ တိန့်ကျန့်ဝင်ဟာ ကွမ်တုန်းပြည်နယ် ဖိုရှမ်မြို့ ခြင်္သေ့အက အနုပညာ အဖွဲ့ဝင် တစ်ဦး ဖြစ်တယ်။ တိန့်ကျန့်ဝင်က၊ ဒီနှစ် ခြင်္သေ့အကမှာ အရင်တုန်းကနဲ့ မတူဘဲ လူ အယောက် ၂၀ က တိုင်မြင့်ပေါ်မှာ ကရတာကြောင့် အခက်အခဲများ ကျော်လွှာပြီး အချိန် တော်တော်ကြာ လေ့ကျင့်ခဲ့ရတယ်လို့ သတင်းထောက်ကို ပြောပြပါတယ်။

ဒီနှစ် ပဒေသာကပွဲမှာ တရုတ် ရိုးရာ ယဉ်ကျေးမှုများ ပြသတဲ့အပြင် နိုင်ငံတကာ ဖက်ရှင်ကျရာများလည်း ရောနှောပေါင်းစပ်ထားပါတယ်။ ဆလိုဗင်းနီးယားနိုင်ငံက လာတဲ့ လူငယ်များဟာ ဖက်ရှင်ကျတဲ့ အလှပြ ဘတ်စကစ်ဘော ကစားပုံများကို တင်ဆက် ပြသကြပါတယ်။ အစီအစဉ်မှာ ပါဝင် တင်ဆက်သူ ဂျိမ်းက၊ ကျွန်တော်တို့ဟာ တရုတ် လူမျိုး အဖို့ အရေးအကြီးဆုံးသော နှစ်သစ်ကူး အခမ်းအနားမှာ ပါဝင် တင်ဆက်ခွင့် ရတဲ့ အတွက် ဝမ်းမြောက် နေပါတယ်။ ဒါဟာ ကျွန်တော်တို့က တတိယ အကြိမ် အဖြစ် တရုတ်ပြည်ကို လာလည်တာ ဖြစ်တယ်။ နွေဦးပွဲတော်ဟာ နှစ်သစ်ကို နွှဲပျော်တဲ့ ပွဲတော် ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ သိကြတယ်။ ဒါကြောင့် ဒီနေ့ညမှာ ကျွန်တော်တို့ တော်တော် ဝမ်းသာကြတယ်လို့ ပြောဆို ပါတယ်။

နှစ်စဉ် နွေဦးပွဲတော် အကြိုညမှာ တရုတ်ပြည် ဒေသအရပ်ရပ်မှာရော၊ ကမ္ဘာ့ နိုင်ငံ အသီးသီးမှ တရုတ်လူမျိုး ရှိတဲ့ အနယ်နယ်အရပ်ရပ်မှာပါ အားလုံးလိုလို တစ်မိသားစုလုံး ဝိုင်းဝန်းစုစည်းပြီး ရုပ်မြင်သံကြား ဒါမှမဟုတ်ရင် ကွန်ပျူတာ ရှေ့မှာ ပဒေသာကပွဲကို အတူကြည့်ရှုလေ့ ရှိပါတယ်။ ဒီနှစ် အသက် ၁၀ နှစ်အရွယ် ဖြစ်တဲ့ ကလေး လီစီမော်ဟာ နှစ်စဉ်နှစ်တိုင်း နွေဦးပွဲတော် အကြိုညမှာ တရုတ်လူမျိုး ဖြစ်တဲ့ မေမေနဲ့ ပြင်သစ် လူမျိုး ဖြစ်တဲ့ ဖေဖေတို့နဲ့အတူ တစ်မိသားစုလုံး ဝိုင်းဝန်းပြီး ပဒေသာကပွဲကို ကြည့်ရှုကြ တတ်တယ်။ လီစီမော်က၊ ကျွန်တော်က ပဒေသာကပွဲကို ကိုးကြိမ်လောက် ကြည့်ခဲ့ပြီ။ ကျွန်တော် သဘော အကျဆုံး အစီအစဉ်ကတော့ ဆပ်ကပ် ဖြစ်တယ်၊ တင်ဆက်ဖျော်ဖြေသူတွေ အရမ်း တော်တယ်။ ကျွန်တော်လည်း လိုက်သင်ချင်တယ်၊ ဒါပေမယ့် မလွယ်ပါဘူး။ အားလုံး နှစ်သစ်ကူး ပျော်ရွှင်ပါစေလို့ ကျွန်တော် ဆုတောင်းချင်ပါတယ်လို့ ဆန္ဒ တင်လိုက်ပါတယ်။

   Webradio