• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် မြောက်ကိုးရီးယား လုပ်သားပါတီကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့် တွေ့ဆုံ

(GMT+08:00) 2019-01-10 16:44:31

တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၈ ရက်နေ့က တရုတ်ပြည်သို့ လာရောက် ခရီးလှည့်လည်နေသော မြောက်ကိုးရီးယား လုပ်သားပါတီကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ရေးရာကော်မတီ ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ခေါင်းဆောင်နှစ်ဦးတို့က၊ ခေတ်သစ်တွင် တရုတ်-မြောက်ကိုးရီးယား ဆက်ဆံမှု အဆက်မပြတ် တိုးတက်လာရန် အစွမ်းကုန် တွန်းအားပေးလိုပါကြောင်း၊ ကိုးရီးယား ကျွန်းဆွယ် ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖြစ်စဉ်ကို ဆက်တိုက် တွန်းအား ပေးမည် ဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေး၊ စည်ပင်သာယာရေး အတွက် အကျိုးပြု စွမ်းဆောင်လိုပါကြောင်း တညီတညွတ်တည်း ဖေါ်ပြခဲ့ကြပါသည်။

ရှီကျင့်ဖိန်က၊ နှစ်ဖက်တို့၏ လက်တွဲကြိုးပမ်းမှုဖြင့် တရုတ်နှင့် မြောက်ကိုးရီးယား ဆက်ဆံမှုမှာ ၂၀၁၈ ခုနှစ်တွင် သမိုင်းဝင် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၇၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပြီး မိမိသည် ဥက္ကဋ္ဌ ကင်ဂျုံအန်နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံမှု၏ အနာဂတ် တိုးတက်ရေးကို ကောင်းမွန်စွာ ဦးဆောင်လိုပါကြောင်း၊ နှစ်ဖက်တို့သည် အဆင့်မြင့် ကူးလူးဆက်ဆံမှုကို ထိန်းသိမ်းပြီး၊ မဟာဗျူဟာ ကူးလူးဖလှယ်မှုကို အားသစ် လောင်းပေးကာ နှစ်ဖက် ဆက်ဆံမှု ရေရှည်ပြီး မှန်မှန် တိုးတက်လာအောင် တွန်းအား ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ကင်ဂျုံအန်ကလည်း၊ ယခုအကြိမ် တရုတ်ပြည် ခရီးစဉ်အတွင်း၊ နှစ်နိုင်ငံ သံအဆက်အသွယ် ထားရှိခဲ့သည့် နှစ် ၇၀ ပြည့် အခွင့်ကောင်းကို အသုံးပြုပြီး၊ နှစ်ဖက် အကြား ချစ်ကြည်ရေး အစဉ်အလာ ခိုင်မာစေရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးကာ၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ဆက်ဆံမှု ခိုင်မာ တိုးတက်လာအောင် တွန်းအားပေးရန် မျှော်လင့်ပါကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio