• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန် ဦးစိုးပိုင်နှင့်အင်တာဗျူး

(GMT+08:00) 2018-12-13 16:31:13

      လန်ချန်း-မဲခေါင် (၈)ကြိမ်မြောက် ယဉ်ကျေးမှုနှင့်အနုပညာဖလှယ်ပွဲကို ရှီးဆောင်ပနားတွင် ဆက်လက်ကျင်းပလျက်ရှိရာ ဒုတိယမြောက်နေတွင် ရှီးဆောင်ပနားမြို့ (၇)ကြိမ်မြောက် နိုင်ငံတကာဓါတ်ပုံပြပွဲသို့ ကူမင်းမြို့မြန်မာကောင်စစ်ဝန်ဦးစိုးပိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ဓာတ်ပုံပြပွဲသို့လာရောက်ကြည့်ရှုအားပေးခဲ့သည့် ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန် ဦးစိုးပိုင်ကို CRI က တွေ့ဆုံမေးမြန်းရာတွင်-

မေး - မင်္ဂလာပါရှင်။

ဖြေ - မင်္ဂလာပါ။

မေး -တရုတ်-မြန်မာနှစ်နိုင်ငံအနေနဲ့ ယဉ်ကျေးမှုနဲ့အနုပညာပူးပေါင်းဆောင်ရွက်မှု အနေ အထားကို သိပါရစေရှင်။

ဖြေ - ကျွန်တော်တို့ တရုတ်မြန်မာ-နှစ်နိုင်ငံရဲ့ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှုကတော့ အများကြီးဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံကတရုတ်နိုင်ငံရဲ့ ယူနန်ပြည်နယ်နဲ့ နယ်နိမိတ် ကီလိုမီတာ (၁၀၀၀) ကျော်ထိစပ်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ အဲဒီတော့ ယဉ်ကျေးမှုအနေနဲ့ ပြောမယ်ဆိုရင် နယ်နိမိတ်ထိစပ်နေတဲ့ဒေသများမှာရှိတဲ့ တိုင်းရင်းသားပြည်သူများဟာ ယဉ်ကျေးမှု အားဖြင့် အားလုံးတူညီနေတဲ့အနေအထားရှိပါတယ်။ ဘာသာစကားလည်း တချို့တော့ တိုင်းရင်းသား လူမျိုးစုတွေက နှစ်နိုင်ငံကြားမှာ နေထိုင်သူအားလုံးပေါ့နော် တိုင်းရင်းသားတွေ မျိုးနွယ်စုတွေ တူနေတာရှိပါတယ်။ မျိုးနွယ်စုတူသလို ဓလေ့ထုံးစံတွေ ဘာသာစကားတွေ ယဉ်ကျေးမှုတွေလည်း တူညီနေတာရှိပါတယ်။ လက်ရှိမြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်မှု အနေနဲ့ စာပေပိုင်းဆိုင်ရာမှာရော..တခြားအနုပညာ အဆိုတွေမှာရော ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဥပမာအားဖြင့်ဆိုရင် လာမယ့်ဇန်န၀ါရီလထဲမှာ မြန်မာနိုင်ငံကို တရုတ်နိုင်ငံရဲ့ ယူနန်ပြန်ကြားရေးနဲ့ မီဒီယာဂရုကနေပြီးတော့ ယဉ်ကျေးမှုဖလှယ်ပွဲအနေနဲ့ သွားရောက်ဖျော်ဖြေဖို့ ရှိပါတယ်။

      အဲဒီဖျော်ဖြေပွဲမှာဆိုရင် တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုအနုပညာတွေကို ဖျော်ဖြေမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက အနုပညာရှင်တွေက ဖျော်ဖြေမှုကို ပူးပေါင်း ပါဝင်မှာဖြစ်ပါတယ်။ ဒါကတော့ ဥပမာ ဒါ့အပြင် စာပေအနေနဲ့ဆိုရင် လက်ရှိဆောင်ရွက်နေတာ အားလုံးလဲအသိဖြစ်ပါတယ်။ မင်္ဂလာမဂ္ဂဇင်းဟာဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံကြားမှာ ဖွံ့ဖြိုး တိုးတက်မှုတွေမှာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နှစ်နိုင်ငံရဲ့ပြည်သူများ အပြန်အလှန် နားလည်မှုနဲ့ ချစ်ကြည်မှုတွေဖြစ်ပေါ်နိုင်ဖို့အတွက် စာပေကနေတစ်ဆင့်ပေါ့ ဒါ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက သတင်းမီဒီယာအဖွဲ့တွေလည်းပဲ တရုတ်နိုင်ငံမှာ လာရောက်ပြီးတော့မှ ဆွေးနွေးပွဲတွေလုပ်သလိုပဲ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံပူးပေါင်းပြီး လန်ချန်းမဲခေါင် ယဉ်ကျေးမှုဖလှယ်ပွဲ ဗွီဒီယိုရိုက်တာတွေလည်း ရှိပါတယ်။

      အနာဂတ်မှာလည်းပဲ ဒီထက်ပိုပြီးတော့မှ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အစီအစဉ် ရှိပါတယ်။ အဲဒီလိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများအား တင်ပြဖို့ ကိစ္စတွေရော ပူးပေါင်းပါဝင်မှုကိစ္စတွေမှာပါ လိုအပ်သလို ကူညီဆောင်ရွက်ပေးနေတာ ရှိပါတယ်။

မေး - ဟုတ်ကဲ့ပါ..လန်ချန်း-မဲခေါင်ယဉ်ကျေးမှုပွဲတော်ကနေ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဘယ်လို ဖော်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါသလဲရှင်။

ဖြေ - လက်ရှိ လန်ချန်း-မဲခေါင်အဖွဲ့ဝင်နိုင်ငံက လက်ရှိ (၆)နိုင်ငံရှိပါတယ်။ အဲ့တော့ တရုတ်နိုင်ငံက စပြီးတော့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်ပေါ့ အဖွဲ့ဝင် (၆)နိုင်ငံက ဒီနေ့ကျင်းပနေတဲ့ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများရဲ့ ယဉ်ကျေးမှုပွဲတော်ကတစ်ဆင့် အဖွဲ့ဝင် (၆)နိုင်ငံကြားမှာ ယဉ်ကျေးမှုဖလှယ်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ဥပမာအားဖြင့် မနေ့က ညက ဖျော်ဖြေခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံများရဲ့ယဉ်ကျေးမှုပေါ့နော်..အဲဒီမှာဆိုရင် ဂီတအဆို ပူးပေါင်း တင်ဆက်တာရှိတယ်။ နောက်တစ်ခါ Music ပေါ့ (၆)နိုင်ငံရဲ့ အတီးအမှုတ်ပေါ့  ဒါနဲ့ပတ်သက်ပြီး ဖျော်ဖြေခဲ့တာရှိတာပေါ့။ ဒီလိုဖျော်ဖြေခဲ့တဲ့ရည်ရွယ်ချက်က(၆)နိုင်ငံရဲ့ ယဉ်ကျေးမှု တွေကို ဖလှယ်မှုဖြစ်တဲ့အပြင် တစ်နိုင်ငံနဲ့တစ်နိုင်ငံကြားမှာ ယဉ်ကျးမှုကတစ်ဆင့် ချစ်ကြည်ရင်းနှီးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲ့တော့ ပူးပေါင်း ဆောင်ရွက်မှုဆိုတဲ့နေရာမှာ (၆)နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံရေးပိုင်းဆိုင်ရာတွေ စီးပွားရေးဆိုင်ရာတွေ ယဉ်ကျေးမှုဆိုင်ရာတွေ လူမှုပညာရေးဆိုင်ရာတွေ ဒီဟာတွေကို အားလုံးက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် (၆)နိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူပြည်သားတွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နားလည်ချစ်ကြည်မှုတွေ ပူးပေါင်းဆောင်ရွက်မှုတွေကတစ်ဆင့် လန်ချန်းမဲခေါင် အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး - ဟုတ်ကဲပါရှင်..ယဉ်ကျေးမှု၊ အနုပညာ စာပေတွေကနေတစ်ဆင့် လန်ချန်းမဲခေါင်မြစ်ဝှမ်း ဒေသတွေ အနေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရင် အကျိုးရလဒ်ကောင်းတွေ ရနိုင်မလဲဆိုတာကို သိပါရစေရှင်။

ဖြေ - ယဉ်ကျေးမှု၊ အနုပညာ၊ စာပေဆိုတာ ခုဏတုန်းက တင်ပြခဲ့သလိုပဲ စာပေပိုင်းဆိုင်ရာတွေ ယဉ်ကျေးမှုဖျော်ဖြေမှုတွေ နောက်တစ်ခါ တခြားသော ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုတွေပေါ့. ယဉ်ကျေးမှုဆိုတာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အခြေခံကျတဲ့ အဓိကအရေးကြီးတဲ့ နိုင်ငံရဲ့ အသည်းနှလုံးလို့ ပြောလို့ရပါတယ်။ အဲ့တော့ နိုင်ငံရဲ့အသည်းနှလုံးကနေတစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက်ပေါ့နော်.. ယဉ်ကျေးမှုခံစားချက်တွေ မျှဝေခြင်းအားဖြင့် နားလည်မှုပိုမို ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တစ်ခုခု လိုအပ်ချက်ရှိလို့ရှိရင်လည်း ဒီပေါ်မှာအခြေခံပြီးတော့မှ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတဲ့ အချက်တွေကို စဉ်းစားနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုစဉ်းစားတာနဲ့ တစ်ပြိုင်နက်တည်း ခုနပြောတဲ့ စီးပွားရေးတို့ နိုင်ငံရေးတို့ ယဉ်ကျေးမှုဆိုင်ရာ ပညာရေး ကျန်းမာရေးတို့ ဒါတွေအားလုံးကို ဆောင်ရွက် သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မေး - ဟုတ်ကဲ့ပါ..နောက်ဆုံးမေးခွန်းလေးပါပဲရှင်။ လန်ချန်းမဲခေါင်မြစ်ဝှမ်းဒေသဖွံ့ဖြိုးတိုးတက်ဖို့ ဘာတွေဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ - လန်ချန်းမဲခေါင်ဖွံ့ဖြိုးတိုးတက်ဖို့က ယဉ်ကျေးမှုကတစ်ဆင့်ပေါ့နော် ပူးပေါင်းဆောင်ရွက်မှု တွေမှာ လုံခြုံရေးအပိုင်းကဏ္ဍလည်းပါပါတယ်။ လုံခြုံရေးပိုင်းမှာဆိုရင်လည်း လန်ချန်းမဲခေါင်နဲ့ ပတ်သက်တဲ့ နိုင်ငံများရဲ့လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု စင်တာဆိုတာလည်း ယူနန်ပြည်နယ် ကူမင်း မြို့မှာ  ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှုပိုင်းမှာလဲပဲ ဥပမာဆိုရင် ယူနန်ပြန်ကြားရေးရဲ့ အောက်မှာ စာပေနဲ့ပတ်သက်တဲ့ မဂ္ဂဇင်းတွေရှိပါတယ်။ အဲဒီမဂ္ဂဇင်းတွေကတော့ လာအိုနိုင်ငံထုတ်တဲ့ဟာ နောက် ကမ္ဘောဒီးယားထုတ်တဲ့ခမာ ထိုင်းကတော့စ၀ါဒီခပ်ပေါ့ မြန်မာ ကတော့ မင်္ဂလာပေါ့ အဲဒီမဂ္ဂဇင်းတွေမှာရှိနေတဲ့စာပေအဖွဲ့ဝင်တွေဟာလည်း သူ့သက်ဆိုင်ရာ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ သွားရောက်ပြီးတော့မှ အဲဒီနိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေ ဓလေ့ထုံးစံတွေ ဘာသာစကားတွေ ဒါတွေကိုလေ့လာပြီးတော့မှ မဂ္ဂဇင်းကတစ်ဆင့်ပေါ့နော် တင်ပြ ခဲ့တယ်။ အဲဒီလိုတင်ပြခြင်းအားဖြင့် နိုင်ငံအတွင်းမှာရှိတဲ့ နိုင်ငံအချင်းချင်းက ပြည်သူတွေကလည်း နားလည်မှုတွေရှိလာမယ်။ ရှိလာတဲ့အခါမှာ မတူညီကွဲပြားတဲ့ တစ်ချို့သောယဉ်ကျေးမှုတွေ အပေါ်မှာ သိရှိပြီးတော့မှ လိုအပ်သလို ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါ့အပြင် ပူးပေါင်း ဆောင်ရွက်တဲ့ မီဒီယာကနေ ဗွီဒီယိုရိုက်ကူးတာ ရှိတယ်။ နောက်တစ်ခါ ပူးပေါင်းဆောင်ရွက်ပြီး ဖျော်ဖြေပွဲတွေရှိတယ်။ ဒီဟာတွေကလည်း တစ်ယောက်နဲ့တစ်ယောက် သိနိုင်တယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပြည်သူတွေသိနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေကို အနာဂတ်ကာလမှာ ပိုမိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့လို သံတမန်ပေါ့နော် ကောင်စစ်ဝန် ချုပ်ရုံး သံရုံးတွေကတစ်ဆင့် နောက်တစ်ခါ မီဒီယာအဖွဲ့အစည်းတွေကတစ်ဆင့် အားလုံးသိရှိအောင် ဆောင်ရွက်ပေးသွားမယ်လို့ ယုံကြည်ပါတယ်။ ဆောင်ရွက်ပေးသွားနိုင်ဖို့လည်း ကျွန်တော်ကြိုးစား ဆောင်ရွက်သွားပါ့မယ်။

မေး - ဟုတ်ကဲ့ပါရှင်..အခုလိုမျိုး ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် CRI က အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။

ဖြေ - ကျွန်တော်တို့ ကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့လည်း လန်ချန်းမဲခေါင် (၆)နိုင်ငံရဲ့ကိုယ်စား အဖွဲ့ဝင်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖွံ့ဖြိုးတိုးတက်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် အခုလိုမျိုး ရှင်းလင်းပြောကြားခွင့်ရတဲ့အပေါ် အထူးပဲကျေးဇူးတင်ပါတယ်။

(Su Thet)

   Webradio