• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကျင်းပသည့် သွင်းကုန်ကုန်စည်ပြပွဲဖြင့် တရုတ်ပြည်သို့ ပို့ကုန် တိုးချဲ့ရန် မျှော်လင့်ဟု အင်ဒိုဆို

(GMT+08:00) 2018-12-12 12:53:29

ယခုလ ၁၀ရက်နေ့က အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့တော်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ် တရုတ် နိုင်ငံတကာ သွင်းကုန်ကုန်စည်ပြပွဲ၏ အင်ဒိုနီးရှား မိတ်ဆက်ဖြန့်ချိပွဲတွင် အင်ဒိုနီးရှား စက်မှုနှင့် ကုန်သွယ်ရေး လောကမှ ပုဂ္ဂိုလ်များက တရုတ် သွင်းကုန်ကုန်စည်ပြပွဲသည် အလွန်ထိရောက်သော ပလက်ဖောင်း တစ်ခု ဖြစ်ကြောင်း၊ ယင်းပလက်ဖောင်းဖြင့် တရုတ်ပြည်သို့ ကုန်ပစ္စည်း တင်ပို့ရောင်းချမှုကို တိုးချဲ့ပြီး ပိုမိုများပြားသော အင်ဒိုနီးရှား ကုန်ပစ္စည်းမျိုးစုံနှင့် ကုန်တံဆိပ်များကို တရုတ်ပြည် သို့ ဝင်ရောက်ရန် မျှော်လင့်ကြောင်း ဖော်ပြသည်ဟု တရုတ် သတင်းဌာနမှ သတင်းအရ သိရသည်။

အင်ဒိုနီးရှား အမျိုးသား ကုန်သွယ်ရေး ဝန်ကြီးဌာန ပို့ကုန် တိုးမြှင့်ရေး ဌာနချုပ် ညွှန်ချုပ် စူလီ စယာဝါတီက ယခုနှစ် ကျင်းပခဲ့သော ပထမအကြိမ် တရုတ် သွင်းကုန်ကုန်စည်ပြပွဲတွင် အင်ဒိုနီးရှားသည် အဓိက ဧည့်သည်တော် နိုင်ငံ ၁၂နိုင်ငံ၌ တစ်နိုင်ငံ အပါအဝင် အနေနှင့် အလွန်ကောင်းမွန်သည့် ပြခန်းနေရာ ရရှိကြောင်း၊ ၄င်းပြပွဲတွင် ပါဝင်ကြသော အင်ဒိုနီးရှား ကုမ္ပဏီ ၄၂ခုသည် အမေရိကန် ဒေါ်လာ ၄့၇ဘီလီယံဖိုးရှိသော အမှာစာများ ရရှိကြကြောင်း ပြောကြားသည်။

အင်ဒိုနီးရှား စက်မှုနှင့် ကုန်သွယ်ရေး အသင်း အမြဲတမ်း ကော်မတီ ဒုဥက္ကဋ္ဌ ယိုနိုက ယခုနှစ်တွင် အင်ဒိုနီးရှားနှင့် တရုတ်ပြည်၏ နှစ်ဖက် ကုန်သွယ်မှု စုစုပေါင်း ပမာဏသည် ယမန်နှစ်ထက် ရာခိုင်နှုန်း ၃၀ခန့် တိုးလာနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ရှေ့အလားအလာ များစွာ ရှိကြောင်း၊ အထူးသဖြင့် တရုတ်ပြည်သို့ အင်ဒိုနီးရှား၏ ပို့ကုန် ပမာဏသည် ဆက်တိုက် လျင်မြန်စွာ တိုးလာမည် ဖြစ်ကြောင်း၊ တရုတ် သွင်းကုန် ကုန်စည်ပြပွဲသည် ၄င်းရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ထိရောက်သော ပလက်ဖောင်း ဖြစ်ကြောင်း ပြောကြားသည်။

နောက်ဆုံးထုတ် စာရင်းအရ ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ တရုတ်-အင်ဒိုနီးရှား နှစ်ဖက် ကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၆၃့၇ဘီလီယံ ရှိကြောင်း၊ လွန်ခဲ့သည့် နှစ်များတွင် တရုတ်ပြည်သည် အင်ဒိုနီးရှား၏ အကြီးဆုံး ကုန်သွယ်ဖက် ဆက်တိုက်ဖြစ်ကြောင်း သိရသည်။

   Webradio