• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ပေါ်တူဂီ ဆက်ဆံမှု အခန်းကဏ္ဍသစ် ဖွင့်လှစ်

(GMT+08:00) 2018-12-04 15:29:38

ပေါ်တူဂီ နိုင်ငံ သမ္မတ ဒေစူစာ၏ ဖိတ်ကြားချက်အရ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၄ရက်နေ့တွင် ပေါ်တူဂီ နိုင်ငံ၌ စတင် တရားဝင် ခရီးလှည့်လည်ကြောင်း၊ ယင်းသည် လွန်ခဲ့သည့် ၈နှစ် အတွင်း တရုတ် နိုင်ငံတော် ထိပ်သီးခေါင်းဆောင်၏ ပထမ အကြိမ် ပေါ်တူဂီ ခရီးစဉ် ဖြစ်ကြောင်း၊ တရုတ်-ပေါ်တူဂီ သံတမန် ဆက်ဆံမှု ထားရှိသည့် နှစ် ၄၀ပြည့်နှစ် ကျရောက်မည့် အခါသမယတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ယခုအကြိမ် ခရီးစဉ်သည် တရုတ်-ပေါ်တူဂီ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀၀ကျော်တုန်းက ပေါ်တူဂီ ကုန်သည်များသည် တရုတ် တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတွင် ကူးသန်းရောင်းဝယ်မှု ပြုလုပ်ခဲ့ကြောင်း၊ ၁၉၇၉ခုနှစ်က နှစ်နိုင်ငံ အကြား သံတမန် ဆက်ဆံမှု ထားရှိခဲ့သည့် နောက်ပိုင်းတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အကြား ကြိမ်ဖန်များစွာ အပြန်အလှန် ခရီးလှည့်လည်ပြီး နှစ်နိုင်ငံ အကြား နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုလည်း အဆက်မပြတ် တိုးပွားလာကြောင်း၊ နှစ်နိုင်ငံတို့သည် မကာအို ပြဿနာကို အဆင်ပြေအောင်မြင်စွာ ကိုင်တွယ်ဖြေရှင်းပြီး ၂၀၀၅ခုနှစ်က ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံမှု ထားရှိခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်နှင့် ပေါ်တူဂီ နှစ်နိုင်ငံ၏ စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနေကြောင်း၊ တရုတ်ပြည်သည် အာရှတွင် ပေါ်တူဂီ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ပေါ်တူဂီ နိုင်ငံ၌ တရုတ်ပြည်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယူရိုငွေ ၉ဘီလီယံကျော်ရှိပြီး စွမ်းအင်၊ ငွေကြေး၊ အာမခံရေး၊ ဆက်သွယ်ရေး၊ မြို့ပြလေကြောင်း၊ ရေလုပ်ငန်း၊ အင်ဂျင်နီယာ ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ရေး ပစ္စည်း၊ ကျန်းမာရေးနှင့် ဆေးဝါးကုသရေးစသည့် နယ်ပယ်များတွင် အသုံးပြုကာ ဒေသခံ ပြည်သူများ အတွက် အလုပ်အကိုင်နေရာ ၃သောင်း၆ထောင်ကို ဖန်တီးပေးခဲ့ကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ကျော် အတွင်း တရုတ်- ပေါ်တူဂီ တိုက်ရိုက် လေကြောင်းလိုင်းသည် နှစ်နိုင်ငံ အကြား ပညာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားခြင်းစသည့် နယ်ပယ်များမှ ကူးလူးဖလှယ်မှု တိုးပွားစေခြင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ကြောင်း စီအာအိုင်က ဖော်ပြသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ပေါ်တူဂီ ခရီးစဉ်တွင် တရုတ်နှင့် ပေါ်တူဂီတို့သည် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ပတ်သက်၍ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ကြပြီး Belt and Road အတူ တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှု စာချွန်လွှာနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုး ချုပ်ဆိုမည် ဖြစ်ကြောင်း တရုတ် အစိုးရ သတင်းအရ သိရသည်။ ယင်းသည် တရုတ်-ပေါ်တူဂီ ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်ခြင်းနှင့် တရုတ်- ဥရောပ သမဂ္ဂ အကြားရှိ ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု တစ်ဆင့်တိုး ပြည့်စုံစေခြင်းတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

လက်ရှိနိုင်ငံတကာ အခြေအနေမျိုးတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ပထမဆုံး ပေါ်တူဂီ ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်မည့် အပြင်၊ တရုတ်-ဥရောပ ဆက်ဆံမှု အတွက် တွန်းအားပေးမှုသစ်ကို ဖော်ဆောင်ပေးကာ ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူခြင်းနှင့် နိုင်ငံတကာ အခြေအနေ တည်ငြိမ်စေရေး အတွက် အာမခံပေးမည် ဖြစ်ကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

   Webradio