• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမယ့် သုံးလတာကာလဟာ တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံးအဖို့ သော့ချက် ကျတယ်

(GMT+08:00) 2018-12-04 09:55:14

ဒီလ ၁ ရက်နေ့က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နဲ့ အမေရိကန် သမ္မတ ထရန့် တို့ဟာ အာဂျင်တီးနားမှာ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး နှစ်ဖက်တို့ဟာ အခွန် တိုးကောက်ခြင်း အပါအဝင် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ရေး ဆောင်ရွက်မှုတွေကို ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ လာမယ့် ရက် ၉၀ အတွင်း နှစ်ဖက်တို့ဟာ အရှိန်တိုး တိုင်ပင် ဆွေးနွေးမှာ ဖြစ်ပြီး သဘောတူညီမှု ရရှိပါက၊ ဒီနှစ်အတွင်း အပြန်အလှန် တိုးကောက်တဲ့ အခွန်များကို ဖျက်သိမ်းနိုင်မှာ ဖြစ်ပါတယ်။ သဘောတူညီမှု မရရှိပါက၊ အမေရိကန်ဟာ ကုန်သွယ်ရေးစစ်ပွဲကို ဆက်လက် အဆင့် မြှင့်တင်သွားနိုင်မှာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး၊ အကဲခတ်များက၊ တရုတ်နဲ့ အမေရိကန် ထိပ်သီး ခေါင်းဆောင်တို့ဟာ အဆက်မပြတ် ပြင်းထန်ဆိုးရွားလာနေတဲ့ ကုန်သွယ်ရေး အငြင်းပွါးမှုကို အရှိန်တန့်စေပြီး ပြဿနာတွေကို နှစ်ဖက် တိုင်ပင်ဆွေးနွေးသော နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် လမ်းညွှန်ပေးကာ အပြုသဘော ဆောင်တယ် ဆိုတာ ထင်ရှား သိသာ ပါကြောင်း၊ ဒါပေမယ့် ဆက်လက်ပြီး လာမယ့် သုံးလအတွင်း နှစ်ဖက် စီးပွါး ကုန်သွယ်ရေး အဖွဲ့တို့၏ စေ့စပ်ဆွေးနွေးဖို့ ဖြစ်စဉ်ဟာ လွန်စွာ ရှုပ်ထွေးပွေလီမှု ဖြစ်မယ် ဆိုတာလည်း ထင်ရှား သိသာပါကြောင်း သုံးသပ်ကြပါတယ်။

ကုန်သွယ်ရေး စစ်ပွဲ ရပ်စဲနိုင်တဲ့ အကြောင်းရင်းကို သုံးသပ်မယ် ဆိုရင်၊ ရှစ်လကျော်ကြာ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်နဲ့ အမေရိကန် နှစ်ဖက်စလုံး နစ်နာ ဆုံးရှုံးမှုများ ခံခဲ့ရတယ်။ ဒီနှစ် မတ်လက နှစ်ဖက် ကုန်သွယ်ရေး အငြင်းပွါးမှု စတင် ပြင်းထန် လာခဲ့စဉ်မှာ အမေရိကန်ဟာ ကုန်သွယ်ရေးစစ်ပွဲကို လွယ်လွယ်လေးနဲ့ အောင်နိုင်မယ်လို့ ထင်မှတ်တယ်။ ဒါပေမယ့် ရှစ်လကြာ အချိန်ကာလတွင်းက ဖြစ်ရပ်တွေဟာ ကုန်သွယ်ရေး စစ်ပွဲမှာ အောင်သူ မရှိဘဲ နှစ်ဖက်စလုံး နစ်နာမှု ခံရသာပဲ ဆိုတာကို ပြသထားပါတယ်။ သက်ဆိုင်ရာ စာရင်းအရ၊ အောက်တိုဘာလမှာ အမေရိကန်ရဲ့ ကုန်စည် ကူးသန်းရောင်းဝယ်မှု လိုငွေပြမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ကုဋေ ၇၇၂၀ အထိ ရှိပြီး သမိုင်းမှာ အများဆုံးပဲ ဖြစ်တယ်။ ဆိုလိုတာက ကုန်သွယ်ရေးစစ်ပွဲဟာ အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှု လျော့နည်းစေခြင်း မရှိဘဲ ပြောင်းပြန် အနေနဲ့ အမေရိကန် စီးပွါးရေး ကိုသာ အန္တရာယ်များ တိုးလာစေခဲ့တယ်။ ဒါကြောင့် အောက်တိုဘာလ ၁၄ ရက်နေ့က CBS ရဲ့ အင်တာဗျူး အစီအစဉ် တစ်ခုမှာ ထရန့်က၊ တရုတ်နဲ့ အမေရိကန်တို့ အကြား ဖြစ်ပွါး နေတာဟာ "ကုန်သွယ်ရေး စစ်ပွဲ" မဟုတ်ဘဲ "အငြင်းပွါးမှုငယ်" သာ ဖြစ်တယ်လို့ ပြောဆို ခဲ့တယ်။ ဆိုလိုတာက ထရန့်ဟာ အဲဒီ အငြင်းပွါးမှုကို လျှော့ချဖို့ စီစဉ်နေခဲ့တယ်။ အခု နှစ်ဖက် ထိပ်သီး ခေါင်းဆောင်တို့က ကုန်သွယ်ရေးစစ်ပွဲကို ယာယီ ရပ်စဲဖို့ ဆုံးဖြတ်ခြင်းဟာ နှစ်ဖက်စလုံးအတွက် ဆင်ခြင်ဥာဏ်ရှိတဲ့ အကျိုးသက်ရောက်နိုင်တဲ့ ရွေးချယ်မှုပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

လာမယ့် သုံးလအတွင်း တရုတ်နိုင်ငံဟာ အရင်ကလိုပဲ နှစ်နိုင်ငံရဲ့ တူညီတဲ့ အကျိုးစီးပွါးနဲ့ ကမ္ဘာ့စီးပွါးရေး စည်းစနစ်ကို ထိန်းသိမ်းကာကွယ်ရေးကို မူတည်ပြီး၊ အခွန် တိုးကောက်မှု ဖျက်သိမ်းနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ တရုတ်နဲ့ အမေရိကန်တို့ဟာ တန်းတူရည်တူ ဖြစ်ရေး၊ အပြန်အလှန် အကျိုးရှိစေရေး၊ အပြန်အလှန် လေးစားရေးတို့ကို စွဲကိုင်ပြီး၊ ရိုးသားဖြူစင်စွာ တိုင်ပင်ဆွေးနွေး၍ သဘောကွဲလွဲမှုများကို သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ပါက၊ သက်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။(ကျော့)

   Webradio