• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တရုတ်နှင့် သံအဆက်အသွယ် ထားရှိသော  ပစိဖိတ်ကျွန်းနိုင်ငံများမှ ခေါင်းဆောင်တို့နှင့် စုပေါင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်၊ မိန့်ခွန်း ပြောကြား

(GMT+08:00) 2018-11-17 10:03:04

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၆ ရက်နေ့က မော်ဇ်ဘီ ဆိပ်ကမ်းမြို့၌ ပါပူဝါနယူးဂီနီနိုင်ငံ ဝန်ကြီးချုပ် အော်နီလ်၊ မိုက်ခရိုးနီးယား နိုင်ငံ သမ္မတ ခရစ်စတီအန်၊ ဆာမိုအာ နိုင်ငံ ဝန်ကြီးချုပ် မာလီအေလေဂါအိုအီ၊ ဗန်နော့တူ နိုင်ငံ ဝန်ကြီးချုပ် စာလ်ဗာ၊ ခုခ်ကျွန်းစု နိုင်ငံ ဝန်ကြီးချုပ် ပူနာ၊ တိုဂို ဝန်ကြီးချုပ် ပိုဟီဗာ၊ နျူအေ နိုင်ငံ ဝန်ကြီးချုပ် တိုကေ တာလာဂီ အပါအဝင် တရုတ်နှင့် သံအဆက်အသွယ် ထားရှိသော ပစိဖိတ် ကျွန်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် ဖှီဂျီ အစိုးရ ကိုယ်စားလှယ်၊ ကာကွယ်ရေး ဝန်ကြီး ကူဘူအာပိုလာနှင့် စုပေါင်း တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ပြီး၊ တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများနှင့် ဆက်ဆံမှု နက်ရှိုင်းအောင် ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး အမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ နှစ်ဖက် ခေါင်းဆောင်တို့သည် နှစ်ဖက် ဆက်ဆံမှုကို အပြန်အလှန် လေးစားပြီး အကျိုးတူ ဖွံ့ဖြိုးတိုးတက်သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဖြစ် တိုးမြှင့်သွားရန်၊ ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေး အခြေအနေသစ်ကို ဖွင့်လှစ်ရန် တညီတညွတ်တည်း သဘောတူကြကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုအကြိမ် အစည်းအဝေးကို ကြီးမှူး ကျင်းပပြီး မိန့်ခွန်း ပြောကြားကာ အခြေအနေသစ်တွင် တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများ ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ အဆိုပြုချက်များကို တင်ပြထားကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများ နှစ်ဖက်စလုံး အာရှ ပစိဖိတ်ဒေသ၌ တည်ရှိပြီး နှစ်ဖက်စလုံး ဖွံ့ဖြိုးဆဲနိုင်ငံများ ဖြစ်ကြောင်း၊ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲ ပြောင်းလဲ မိမိတို့သည် စိတ်ရင်းစေတနာဖြင့် သဘောထားကြပြီး အပြန်အလှန် လေးစားသော မိတ်ဆွေကောင်း၊ ဖွံ့ဖြိုးရေးနှင့် အပြန်အလှန် အကျိုးရှိစေရေးကို အတူ ရှာကြံသော အဖေါ်ကောင်း၊ ခင်မင်ရင်းနှီးပြီး အပြန်အလှန် နားလည်၊ အတုယူကြသော ညီအစ်ကိုကောင်းတို့ ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်သည် တရုတ်နှင့် ပစိဖိတ်ကျွန်းနိုင်ငံများ ဆက်ဆံမှု နက်ရှိုင်းစေရေး ဆိုင်ရာ အဆိုပြုချက် လေးရပ်ကို တင်ပြထားကြောင်း၊ ယင်းတို့မှာ တန်းတူရည်တူ အတူယှဉ်တွဲ နေထိုင်ပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ပိုမို နက်ရှိုင်းလာအောင် ဆောင်ရွက်ရန်၊ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို စွဲကိုင်ပြီး၊ အကျိုးတူ စည်ပင်သာယာရေးကို ဖေါ်ဆောင်ရန်၊ ခင်မင်ရင်းနှီးပြီး ပြည်သူပြည်သားများ၏ ချစ်ကြည်ရေးကို တိုးမြှင့်ရန်၊ အပြန်အလှန် ထောက်ပံ့ကူညီပြီး တရားမျှတမှုကို ထိန်းသိမ်း ကာကွယ်ရန်တို့ ဖြစ်ကြောင်း သတင်းရရှိပါသည်။

ကျွန်းနိုင်ငံမှ ခေါင်းဆောင်များကလည်း၊ တရုတ်နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများ၏ ဖွံ့ဖြိုးရေး မျှော်မှန်းချက် ဖေါ်ဆောင်ရေး၊ ပြည်သူပြည်သားများ၏ သုခချမ်းသာမှုများ တိုးမြင့်ရေးနှင့် နိုင်ငံတကာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးဆိုင်ရာ အရေးကြီး မိတ်ဖက် ဖြစ်ကြောင်း ဖေါ်ပြခဲ့ကြပါသည်။

   Webradio