• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဒုတိယအကြိမ် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု စာချုပ် RCEP ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်

(GMT+08:00) 2018-11-15 08:42:28

တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ ညနေပိုင်းက စင်ကာပူ အစည်းအဝေး စင်တာ၌ ဒုတိယအကြိမ် ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှု စာချုပ် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ အာဆီယံ ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် တောင်ကိုးရီးယား၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယမှ ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

လီခေ့ချန်က၊ တစ်နှစ်ကျော်တုန်းက မိမိတို့သည် မနီလာမြို့၌ ပထမ အကြိမ် RCEP ခေါင်းဆောင်များ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ တစ်နှစ်အတွင်း အာဆီယံ၏ ဦးဆောင်မှုနှင့် သဘာပတိနိုင်ငံ စင်ကာပူနိုင်ငံ၏ တွန်းအားပေးမှုဖြင့် စာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးရေး တာဝန်များ ပြီးမြောက်အောင် လုပ်ဆောင်မှုနှုန်းမှာ လွန်ခဲ့သည့်နှစ်က ၅၀ ရာခိုင်နှုန်း အောက်မှနေ ယခုနှစ် ၈၀ ရာခိုင်နှုန်း နီးပါးသို့ လျင်မြန်စွာ တိုးမြင့် လာကြောင်း၊ မိမိတို့သည် လာမည့်နှစ်အတွင်း စာချုပ်ကို ချုပ်ဆိုနိုင်ရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဆင်ပြေစေရေး အရည်အချင်းကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အစည်းအဝေး တက်ရောက်သော ခေါင်းဆောင်များက၊ ဘက်အသီးသီးတို့သည် အားဖြည့် ကြိုးပမ်း ဆောင်ရွက်ပြီး စီးပွါးရေး တစ်ပြေးညီ ဖြစ်စဉ်ကို တွန်းအားပေးရမည် ဖြစ်ကြောင်း တညီတညွတ်တည်း ယူဆကြပါသည်။

ခေါင်းဆောင်များက၊ RCEP စာချုပ် စေ့စပ်ဆွေးနွေးပွဲတွင် လိုရင်းသဘောဖြစ်သည့် တိုးတက်မှု ရရှိပြီ ဖြစ်ပြီး နောက်ဆုံး စေ့စပ်ဆွေးနွေးရေး အဆင့်ကာလသို့ ဝင်ရောက်နေပြီ ဖြစ်ကြောင်း၊ RCEP စာချုပ် အမြန်ဆုံး ချုပ်ဆိုရေးသည် ဘက်အသီးသီးတို့၏ တူညီသော တာဝန်ဝတ္တရား ဖြစ်ကြောင်း တညီတညွတ်တည်း သဘောတူကြပါသည်။

   Webradio