• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် ရခိုင် ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိသည်ဟု တရုတ် ယုံကြည်၊ လိုအပ်သော ထောက်ခံမှု ဆက်လက် ပေးလိုသည်ဟု တရုတ် ဆို

(GMT+08:00) 2018-11-14 10:32:16

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ ရခိုင် ပြဿနာ ကိုင်တွယ်ဖြေရှင်းရေးကိစ္စတွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ အပြုသဘော ဆောင်သော တိုးတက်မှုကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံသည် လိုအပ်သော ထောက်ခံမှုကို ဆက်လက်ပေးလိုပါကြောင်း ယခုလ ၁၃ ရက်နေ့က ပြောကြား ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက၊ မြန်မာနိုင်ငံသည် ယခုရက်များတွင် ဘင်္ဂလားဒေ့ရှ်မှ သက်ဆိုင်ရာ ဘေးရှောင် ပြည်သူလူထုများအား လက်ခံရန် အဆင်သင့် ဖြစ်နေပြီဟု မကြာမီက ပြောကြား ခဲ့ပါသည်။ မြန်မာပြည်ဘက်မှ ထုတ်ပြန်သော ကြေညာချက်တွင်၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံများသည် ပြန်ပို့ရေး ဖြစ်စဉ်အတွက် လိုအပ်သော ထောက်ပံ့ကူညီမှုကို ပေးသည်ဟု ဖေါ်ပြထားပါသည်။ ယင်းနှင့် ပတ်သက်ပြီး ယခုလ ၁၃ ရက်နေ့က ကျင်းပသော နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သတင်းစာ ရှင်းလင်းပွဲတွင် ဟွာချွင်ယဉ်က သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားပါသည်။ ဟွာချွင်ယဉ်က၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် အားလုံး တရုတ်ပြည်၏ အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ တရုတ်ပြည်ဘက်သည် သက်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်ပြီး နှစ်နိုင်ငံနှင့် တက်ကြွစွာ ကူးလူးဖလှယ်ပြီး ရခိုင် ပြဿနာကို နှစ်ဖက် တိုင်ပင်ဆွေးနွေးသော နည်းလမ်းဖြင့် သင့်တော်စွာ ဖြေရှင်းရန် တလျှောက်လုံး တွန်းအားပေးနေခဲ့ကြောင်း ပြောကြားပါသည်။

ဟွာချွင်ယဉ်က၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ရခိုင် ပြဿနာ ဖြေရှင်းရေးတွင် အရေးကြီး တိုးတက်မှု ရရှိပြီ ဖြစ်ပြီး ယခုရက်များတွင် ပထမ အသုတ် ဘေးရှောင် ပြည်သူလူထုများ ပြန်ပို့ရေး လုပ်ငန်း စတင် လုပ်ဆောင်ရန် သဘောတူကြသည်ဟု မိမိတို့ ဝမ်းသာစွာ တွေ့မြင်ပါကြောင်း၊ ယင်းသည် အထက်ပါ ရှုပ်ထွေးသော သမိုင်းဆိုင်ရာ ပြဿနာ ဖြေရှင်းရန်ဆိုင်ရာ ကောင်းမွန်သော အစပြုခြင်း ဖြစ်ပြီး နောက်နောင်မှာ ပြန်ပို့ရေး လုပ်ငန်းအတွက်လည်း အတွေ့အကြံများကို စုဆောင်းမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတို့သည် ယင်းပြဿနာကို သင့်လျော်ပြီး ဥာဏ်ရှိရှိဖြင့် ကိုင်တွယ် ဖြေရှင်း နိုင်စွမ်း ရှိသည်ဟု မိမိတို့ ယုံကြည်ပါကြောင်း၊ မိမိတို့သည် ယင်းအတွက် လိုအပ်သော ထောက်ခံမှုများကို ဆက်လက်ပေးလိုပါကြောင်း ပြောကြားပါသည်။

ဟွာချွင်ယဉ်က၊ လက်ရှိ အခြေအနေကို ရရှိခြင်းမှာ မလွယ်လှကြောင်း၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် ယင်းအပြုသဘောဆောင်သော တိုးတက်မှုကို တန်ဖိုးထားနိုင်ရန်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ဆွေးနွေးမှု တွန်းအားပေးရေးနှင့် ပြဿနာကို ထိရောက်စွာ ဖြေရှင်းရေး အတွက် ဆက်လက် ကူညီပေးရန် မျှော်လင့်ကြောင်း၊ ကုလသမဂ္ဂ သက်ဆိုင်ရာ ဌာနများသည် ယင်းအတွက် အပြုသဘော ဆောင်သော အခန်းမှ ပါဝင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio